ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း စစ်တောင်း တံတားကနေ အောက်တိုဘာ ၂၈ ရက် ဒီမနက် ၉ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တောင်ကြောင်ပေါက်ကျေးရွာ ဝါးပင်စုက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမဖြစ်ဘဲ ပြည်သူတွေနေတဲ့ ရွာထဲကို ညတိုင်း လက်နက်ကြီးနဲ့ နှစ်လုံးလောက် ပစ်တာမှာ ရွာအပြင်ဘက်ပဲ ကျပြီး အခု မနက်တော့ ရွာထဲကျတာကြောင့် ရွာသူ ရွာသား နှစ်ယောက် မျက်စိ၊ ရင်ဘတ်နဲ့ ပေါင်တို့မှာ ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၃ တပ်ရင်း ၉ နယ်မြေမှာ အခုနှစ်ထဲ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျပြီး အမျိုးသား နှစ်ယောက်၊ အမျိုးသမီးတယောက် သေဆုံးကာ ကလေးငယ်တွေ အပါအဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကေအန်ယူ တပ်မဟာ ၇ နယ်မြေ မိဖလယ်ကျေးရွာ(ခ)နောင်ကိုင်းကျေးရွာမှာတော့ KNU ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့ KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် တစ်ယောက်ရဲ့ နေအိမ်ကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက် မနေ့ ည ၇ နာရီလောက်က ဝင်ရောက်ပစ်ခတ်သွားတယ်လို့ ကျေးရွာနေထိုင်သူ တဦးက ပြောပါတယ်။
ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး စောဝင်းကျော် နေအိမ်ကို မနေ့ညက ဝင်ရောက်ပစ်ခတ်ရာမှာ အိမ်မှာနေတဲ့ တပ်ရင်းမှူးဇနီး နော်ဖောဝါး အသက်(၃၈)နှစ် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
သေဆုံးသွားသူဟာ မိဖလယ်ကျေးရွာနဲ့ အနီးနားကျေးရွာတွေမှာ မူးယစ်ဆေးဝါးရောင်းတာ၊ အာဝါဒေး လောင်းကစားဝိုင်းဖွင့်တာနဲ့ တခြားဥပဒေမကင်းတဲ့လုပ်ငန်းတွေ လုပ်နေတာကြောင့် ဒေသခံနဲ့ ဘုန်းတော်ကြီးတွေက မလုပ်ဖို့ပြောပေမဲ့ မရပ်ဘဲ ဆက်လုပ်နေသူဖြစ်တယ်လို့ သေဆုံးသွားသူရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန် အိမ်တွင်းမှာ တပ်ရင်းမှူးနဲ့ တပ်သားတချို့နေထိုင်ကြကာ နေအိမ် နဲ့ တပ်ရင်းမှူး ရဲ့ကားလည်း မီးလောင်ကျွမ်းသွားပါတယ်။
သေဆုံးတဲ့ နော်ဖောဝါးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၈ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ သင်္ဂြိုဟ်သွားဖို့ရှိပါတယ်။