DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျအစိုးရအနေဖြင့် စစ်ကောင်စီကိုဒဏ်ခတ်အရေးယူရန် CRPH/NUG ပံ့ပိုးကူညီမှုအဖွဲ့ တိုက်တွန်း
DVB
·
October 28, 2022
ဩစတြေးလျအစိုးရအနေဖြင့် စစ်ကောင်စီကိုဒဏ်ခတ်အရေးယူရန် CRPH/NUG ပံ့ပိုးကူညီမှုအဖွဲ့ တိုက်တွန်း
Donate to DVB

မြန်မာပြည်သူတွေအပေါ် စစ်အာဏာရှင်ရဲ့  ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေကို ဩစတြေးလျအစိုးရအနေနဲ့ ပြစ်တင်ရှုတ်ချဖို့နဲ့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုတွေအမြန်ဆုံး လုပ်ဆောင်ဖို့ CRPH/NUG ပံ့ပိုးကူညီမှုအဖွဲ့ရဲ့ ဩစတြေးလျစည်းရုံးလှုံ့ဆော်သူတွေက တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်မှာ CRPH/NUG ပံ့ပိုးကူညီမှုအဖွဲ့၊ ဩစတြေးလျ Lobby Team က သြစတြေးလျပါလီမန်သို့ သွားရောက်ခဲ့ပြီး လေဘာပါတီ၊ လစ်ဘရယ်ပါတီ ၊ Australian Greens ပါတီနဲ့  Independence ပါတီတို့မှ ပါလီမန်အမတ် ၁၆ ဦးနဲ့  အထက်လွှတ်တော်အမတ်တွေကို  သွားရောက်တွေ့ဆုံ တိုက်တွန်းခဲ့တာပါ။ ​

ဩစတြေးလျလွှတ်တော်အမတ် ၁၆ ဦးထဲက အမတ် ၇ ဦးက လက်ခံတွေ့ဆုံခဲ့ပြီး စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ အကြောင်းအရာ၊ ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့မှုတွေအမြန်ဆုံး လုပ်ဆောင်ဖို့အရေးနဲ့ သြစတြေးလျအစိုးရကို စစ်ကောင်စီက အကြပ်ကိုင်ဖို့အတွက် ပါမောက္ခ ရှောင်တာနယ်ကိုဓားစာခံအဖြစ်အသုံးချနေတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ CRPH/NUG ပံ့ပိုးကူညီမှု အဖွဲ့ဝင်ထံက သိရပါတယ်။

ဒါ့အပြင် လူသားချင်းစာနမှုအကူအညီတွေပေးရာမှာ NUG အစိုးရနဲ့တိုက်ရိုက်ပူးတွဲလုပ်ဆောင်ဖို့၊ ဒုက္ခသည်ခိုလှုံခွင့် ဗီဇာခွဲတမ်းကို မြန်မာနိုင်ငံအတွက် အယောက် ၁၀,၀၀၀ အထိတိုးမြှင့်ပေးဖို့နဲ့ လတ်တလော သြစတြေးလျကတွဲဖက်ကျင်းပမယ့် အာဆီယံနဲ့ အာဆီယံ plus နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်ကို တက်ခွင့် မပေးဖို့ တိုက်တွန်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

CRPH/ NUG ပံ့ပိုးကူညီရေး အဖွဲ့မှ ဒေါက်တာ လှယဉ်ချောက "ဩစတြေးလျ လေဘာပါတီ အစိုးရက အမှန်တရားဘက်ကရပ်တည်တယ်ဆိုတာ။ ရှင်းရှင်းလင်းလင်း ပြောပြသင့်နေပါပြီ။ စစ်ရာဇ၀တ်မှုတွေနဲ့ အာဏာရူးစစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် လည်းအရေးယူမှုတွေအနေနဲ့ ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမြန်ဆုံး လုပ်ဆောင် သင့်နေတာလည်း မနှစ်ကတည်းကပါ" လို့ ပြောသွားပါတယ်။ 

ဒါ့အပြင် အရပ်သားတွေအပေါ် စစ်ကောင်စီ​ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ အကာအကွယ်ပေးဖို့ အကူအညီတွေကို ဩစတြေးလျအစိုးရက ဦးဆောင်ပြီး နိုင်ငံတကာကို ကူညီတိုက်တွန်းပေးဖို့ လစ်ဘရယ်ပါတီကာကွယ်ရေးဝန်ကြီး၊ လွှတ်တော်အမတ် အင်ဒရူး ဟစ်စတီကိုလည်း တောင်းဆိုခဲ့ပါတယ်။

အခုဆိုရင် လေဘာပါတီ အာဏာရလာတာ ၅ လရှိပြီဖြစ်ပေမဲ့ မြန်မာအာဏာသိမ်း စစ်အုပ်စုကို သြစတြေးလျအစိုးရက တိကျသေချာတဲ့ အရေးယူဆောင်ရွက်မှုတွေ မတွေ့ရသေးပါဘူး။ 

ဒါ့အပြင် ဖားကန့်မှာ အောက်တိုဘာလ ၂၃ ရက်က အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးခဲ့ရပြီး ၊ လူ ၁၀၀ ကျော် ဒဏ်ရာရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်၊ ဗြိတိနဲ့ ဥရောပနိုင်ငံတွေက စစ်အစိုးရရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ကြပေမဲ့ ယခုအထိ ဩစတြေးလျ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ ဒေသဆိုင်ရာ လက်ထောက် ဒါရိုက်တာ ဟန်နာယန်းက “ဒီတိုက်ခိုက်မှုဟာ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်တဲ့အရပ်သားတွေကို သေကျေဒဏ်ရာရစေခဲ့တဲ့ စစ်တပ်ရဲ့ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်တာကြောင့် အလွန် စိုးရိမ်စရာကောင်းတယ်”လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ပွားရာနေရာမှာ အရပ်သားတွေ ရှိနေတာကို စစ်တပ်က မသိဘူးလို့ ပြောတာ ယုံကြည်ဖို့ခက်တယ်လို့လည်း ပြောသွားပါတယ်။

လေဘာပါတီ အစိုးရဝန်ကြီး အထက်လွှတ်တော်အမတ် အန်သိုနီချေဇမ်ကတော့ ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတဲ့ လတ်တလော သတင်းတွေအပါအဝင် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် သြစတြေးလျက အလွန်စိုးရိမ်နေကြောင်း၊ ကမ္ဘာတဝန်းက လူ့အခွင့်အရေးကို ထောက်ခံတဲ့အနေနဲ့ ပြတ်ပြတ်သားသားနဲ့ တစိုက်မတ်မတ် ပြောဆိုပြီး ဆက်လုပ်သွားမှာဖြစ်ကြောင်းပြောပါတယ်။

သြစတြေးလျဟာ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုကို မရှိမဖြစ်လိုအပ်တဲ့ ထိတွေ့ဆက်ဆံမှုကိုသာ လျှော့ချထားပြီး ဒီလိုထိတွေ့ဆက်ဆံမှုက ရှောင်လွှဲလို့မရပေမဲ့ မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့  ပတ်သက်လို့ သြစတြေးလျရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြဖို့နဲ့  စစ်တပ်ရဲ့ လုပ်ရပ်တွေကို  ပြင်းပြင်းထန်ထန် ရှုတ်ချဖို့အတွက် ဆက်ဆံတာလို့လည်း ပြောပါတယ်။

ဒါ့အပြင်  ဘရူနိုင်းမှာ ကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ စစ်ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများ အလုပ်ရုံ ဆွေးနွေးပွဲကို  ဩစတြေးလျ နိုင်ငံခြားရေး၀န်ကြီးရော ကာကွယ်ရေး ဝန်ကြီးပါတက်ရောက်မှာ မဟုတ်ကြောင်း၊  သြစတြေးလျက ပူးတွဲအိမ်ရှင်အဖြစ် ဆောင်ရွက်နေပေမဲ့ အာဆီယံ​ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်နဲ့ အာဆီယံ ဦးဆောင်တဲ့ အစည်းအဝေးဖြစ်တယ်လို့လည်း အန်သိုနီချေဇမ်ကပြောပါတယ်။

နိုဝင်ဘာ လဆန်းရက်မှာ ဘရူနိုင်းမှာ ဩစတြေးလျနဲ့ပူးတွဲ ကျင်းပမယ့် စစ်ဘက် ဆေးပညာဆိုင်ရာ ADMM-plus ညီလာခံကို ASEAN က မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

အခုလို ဖိတ်ခေါ်ထားတာကို  CRPH/ NUG ပံ့ပိုးကူညီရေး အဖွဲ့က  အပြင်းအထန် ကန့်ကွက်ခဲ့တဲ့   ရလဒ်အဖြစ် အထက်လွှတ်တော်ဆွေးနွေးပွဲမှာ အထက်လွှတ်တော်အမတ် ဒင်းန်စမစ်က ဒီကိစ္စ ဦးဆောင်ဆွေးနွေးတင်ပြခဲ့ပြီး  အထက်လွှတ်တော်အမတ် ဂျော်ဒန် စတီးလ်ဂျွန်က ထောက်ခံ အဆိုပြုခဲ့ပြီး လေဘာပါတီအစိုးရကိုဖိအားပေး ဆွေးနွေးခဲ့ပါတယ်။ 

CRPH/ NUG ပံ့ပိုးကူညီရေးအဖွဲ့မှ သြစတြေးလျ ကိုယ်စားလှယ် မမွန်ဇင်က “နိုင်ငံတကာ အစိုးရက မြန်မာ့ရေးရာမှာ ပြည်သူဘက်ကမားမားမတ်မတ် ရပ်တည်နေပေမဲ့ သံတမန်ရေးရာ အခင်းအကျင်းမှာတော့ သြစတြေးလျအစိုးရက US ၊ UK ၊ တို့လို နိုင်ငံတွေနဲ့ယဉ်လိုက်ရင် အရမ်း အားနည်းပါတယ်။ အခုတက်လာတဲ့ နိုင်ငံခြားရေးရာဝန်ကြီး ဆီးနိတ်အမတ် ပင်နီဝေါင် ကတော့ ထက်မြက်ပါတယ်။ ASEAN ကို အင်ဒိုက ဦးဆောင်မယ့် ၂၀၂၃ ခုနှစ်မှာ မြန်မာ့အရေးကို ထိရောက်အောင် ကူညီနိုင်မယ်၊ ကူညီဖို့ကိလည်း အခုကတည်းက စီစဉ်နေတယ်လို့လည်း သူ့ရဲ့ ဌာနက ပြောလာတာတွေရှိပါတယ်။ ကျမတို့လည်း သူ့ရဲ့စကားတွေကို အလုပ်နဲ့ သက်သေပြနိုင်ဖို့ ဆက်တွန်းပြီး ဆက်လက်စောင့်ကြည့်ရမှာပဲ" လို့ ပြောပါတယ်။

ဩစတြေးလျ အစိုးရအနေနဲ့ လွန်ခဲ့တဲ့ နှစ် ပေါင်း ၇၀  မြန်မာ့သမိုင်းကို ကြည့်လိုက်ရင် ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ စစ်တပ်က အာဏာသိမ်းပြီးတိုင်း ပဋိပက္ခတွေ ပိုများလာတယ်ဆိုတာမြင်ရမှာဖြစ်တယ်လို့  ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက ပြောပါတယ်။

“အခုအကြမ်းဖက် စစ်တပ်က စီစဉ်တဲ့ ရွေးကောက်ပွဲအတုက ဒီပဋိပက္ခတွေအတွက် အဖြေမဟုတ်ပါဘူး။ ပဋိပက္ခများ ပိုမိုပြီးများလာဖို့ပဲ ရှိပါတယ်။ ဩစတြေးလျအစိုးရက အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုအယောင် အစီအစဉ်ကို ဆန့်ကျင်ဖို့ အရမ်းကိုလိုအပ်ပါတယ်။”

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ မြန်မာပြည်မှာ ပြည်သူတွေကို သတ်ဖြတ်နေတာတွေ ရပ်တန့်အောင် ဩစတြေးလျအစိုးရအနေနဲ့ အမြန်ဆုံးကူညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ကြေညာချက်ကို CRPH/ NUG ပံ့ပိုးကူညီရေးအဖွဲ့က  သြစတြေးလျဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ထံလည်း ပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013