DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲများကြောင့် (၁၇)ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ထပ်မံရွှေ့ဆိုင်း
DVB
·
October 28, 2022
လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲများကြောင့် (၁၇)ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ထပ်မံရွှေ့ဆိုင်း
Donate to DVB

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အောက်တိုဘာ ၂၄ မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

လေးနှစ်တကြိမ်ကျင်းပလေ့ရှိတဲ့ ကေအန်ယူ ကွန်ဂရက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်မှာ နောက်ထပ်တကြိမ် ကျင်းပရတော့မှာဖြစ်ပေမယ့် ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ်ကစပြီး အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာ ၁၇ ကြိမ်မြောက်ကွန်ဂရက်ကို ကျင်းပဖို့ စီစဉ်ထားပေမယ့် စစ်ကောင်စီဘက်က နေ့စဉ်နဲ့အမျှ လေးကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး တိုက်ပွဲတွေကြောင့် ထပ်မံ ရွေ့ဆိုင်းရတာလို့ ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

“အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျနော်တို့ ၁၇ ကြိမ်မြောက်ကွန်ဂရက်ကို ကျင်းပဖို့ ယာထား သတ်မှတ်ထားတာပေါ့နော်။ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်မှုအကုန်လုံးလုပ်ပြီးပါပြီ။ သို့သော်လည်းပဲဒီနေ့ ဒီအချိန်ကာလမှာ ကျနော်တို့ထပ်ပြီးရွေ့ဆိုင်းလိုက်ရပြီ။ ဘာကြောင့်ကျနော်တို့ ရွှေ့ဆိုင်းလိုက်ရလဲဆိုတာ ၁ အချက်ကတော့ ကျနော်တို့ တိုင်းပြည်မှာ တနေ့ထက်တနေ့ ပိုမိုပြီး ဆိုးရွားလာတဲ့ လေကြောင်းတိုက်ခိုက်မှု၊ ကျနော်တို့ ကြည့်မယ်ဆိုရင် အရပ်သားတွေကို ပစ်မှတ်ထားတာအပါအဝင် ကျနော်တို့ နယ်မြေမှာဆိုရင် ဘုန်းကြီးကျောင်းလည်းမရှောင်၊ တခြား ဒေသမှာဆိုရင် စာသင်ကျောင်းမရှောင် ကလေးငယ်ငယ်ရွယ်ရွယ်လေးကိုလည်း ပစ်သတ်တာတို့ လေကြောင်းနဲ့ တိုက်ခိုက်တာလို့ ရှိတဲ့လာတယ်။ အခု နောက်ဆုံးဖြစ်ပျက်နေတဲ့အနေအထား ကချင်ပြည်မှာ တေးဂီတပွဲကိုမရှောင်ဘဲ လူသတ်မှုကို ကျူးလွန်လာတဲ့အခါကျတော့ ဒီအခြေအနေမျိုး အောက်မှာရှိတဲ့အခါကျတော့ အထူးသဖြင့် ကျနော်တို့ ကေအန်ယူရဲ့ ကွန်ဂရက်ကို ကျင်းပတဲ့အခါမှာ တက်ရောက်လာမယ့်ကိုယ်စားလှယ်တော် အထူးသဖြင့် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ခရိုင်တပ်မဟာတွေမှာဆိုရင် အကြီးတာဝန်ရှိကြတဲ့ ခရိုင်ဥက္ကဋ္ဌ၊ ခရိုင်တပ်မဟာမှူးတို့ကလည်း အမြဲတမ်း ဗဟိုကော်မတီဝင်တွေဖြစ်တာနဲ့အညီ သူတို့တွေ မလွဲမသွေ တက်ရောက်ရမယ့် အနေအထားတခုရှိနေတယ်။”

ဒါ့အပြင် ကရင်နယ်မြေအတွင်း နေ့စဉ် တိုက်ပွဲတွေကြောင့်လည်း   ကွန်ဂရက် ကျင်းပမယ့် အစီအစဉ်ကို ရွှေ့လိုက်ရာလို့လည်း ဆိုပါတယ်။

ပဒိုစောတောနီးက “ ၂၀၂၁ ကနေပြီးမှ လပေါင်း ၂၀ ကျော်အတွင်းမှာ ကျနော်တို့ နောက်ဆုံး စက်တင်ဘာလထဲ ကျနော်တို့ တိုက်ပွဲပေါင်း ၆၇၀၀ ရှိသွားပြီ။ စက်တင်ဘာလကုန်ထဲမှာ အခု အောက်တိုဘာလအထိ ကျနော်တို့ ပေါင်းလိုက်မယ်ဆိုရင် တိုက်ပွဲတွေဟာ အကြိမ်ပေါင်း ၇၀၀၀ ထက်မလျော့တော့ပါဘူး။ ပြောက်ကျားတိုက်ပွဲ၊ မိုင်းတိုက်ပွဲ၊ စနိုက်ပါတွေကော နောက်စခန်းသိမ်းတိုက်ပွဲတွေကော ဒါ တိုက်ပွဲပေါင်း ၇၀၀၀ အောက်တော့မလျော့ဘူး။ ဒီလို စစ်ပူချိန်ကာလ တိုင်းပြည်ထဲမှာ အထူးသဖြင့် ကျနော်တို့ နယ်မြေဒေသ အသီးသီးမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့တာဝန်ရှိတဲ့အထူးသဖြင့် ဒေသဆိုင်ရာမှာရှိတဲ့ ကျနော်တို့ အကြီးအကဲတွေရဲ့ ဒါကိုရှုမြင်တဲ့အနေအထားမှာတော့ တော်တော်လေးကို သတိထားရမယ့် အနေအထားဖြစ်တာနဲ့အညီ သူတို့တင်ပြချက်အပေါ်မှာ ကျနော်တို့ကွန်ဂရက်ကိုတော့ ရွှေ့ဆိုင်းဖို့သင့်တယ်ပေါ့။”လို့ပြောပါတယ်။

ဒါ့အပြင် ပိုမို မြင့်တက်လာတဲ့ တိုက်ပွဲအခြေအနေကြောင့် သွားရေးလာရေးခက်ခဲပြီး လုံခြုံမှုမရှိတဲ့အတွက် ဒီ ၁၇ ကြိမ်မြောက်ကွန်ဂရက်ကို ရွှေ့ဆိုင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကွန်ဂရက်ရွှေ့ဆိုင်းထားရမယ့် လက်ရှိ ဦးဆောင်နေတဲ့ ဗဟိုကော်မီတီအနေနဲ့ မိမိရှိနေတဲ့ တာဝန်အတိုင်းပဲ ဆက်လက်ဦးဆောင်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကို  အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက်   ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးဥက္ကဋ္ဌက စောစံဖိုးသင်ဖြစ်ကာ မျက်မှောက်ကာလအထိ  ကေအန်ယူ ဥက္ကဋ္ဌ အဖြစ် အစဉ်အဆက် တာဝန်ယူခဲ့သူ ၉ ဦးရှိသွားပြီဖြစ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံးမှာ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၅  ဦးပါဝင်ပြီး ကာကွယ်ရေးဌာနကြီးအပါအဝင် ဌာနကြီး ၁၄  ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ကေအန်ယူဟာ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013