DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြား
DVB
·
October 28, 2022
မကွေးတိုင်းအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြား
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း တလကျော်လောက် စစ်ကြောင်းထိုးကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူ့နေအိမ်တွေ မီးရှို့နေတဲ့ ဂန့်ဂေါမြို့ ခလရ ၅၀ လက်အောက်ခံ စစ်‌ကောင်စီတပ်အင်အား ၁၂၀ ကျော်ပါ စစ်ကြောင်းကို အောက်တိုဘာ ၂၇ ရက်က ယောဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ မနက် ၇ နာရီလောက်မှာ ထန်းပင်ကုန်းကျေးရွာ နေအိမ်တွေကို မီးရှို့ထွက်ခွာစဥ် YDF ထီးလင်း၊ YDF တပ်ရင်း ၁၄၊ KKG တပ်ရင်း ၅၊ PDF ထီးလင်း တပ်ရင်း ၂ (ခွဲ) (၇)၊ နပတ တပ်ရင်း (၇၀၇ ADF) တို့က အနီးကပ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့က တပ်စု ၃ စုခွဲပြီး ထိုးစစ်ဆင်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ထက်မနည်း ကျဆုံးခဲ့ပြီး YDF-14 မှ ရဲဘော်တယောက် ပျောက်ဆုံးနေကာ ပူးပေါင်းအဖွဲ့က ကျန်ရဲဘော်တွေ အထိအခိုက် ကျဆုံးမှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ် YDF ထီးလင်းဘက်က ထုတ်ပြန်ပါတယ်။

YDF ထီးလင်းရဲ့ ဗျူဟာမှူး သခင်ဇော်က “တိုက်ပွဲဖြစ်ပွားချိန် တနာရီလောက် ကြာမြင့်ခဲ့ပြီး YDF တပ်ရင်း ၁၅ နဲ့ YDF-PMR တို့က လက်နက်ကြီးပစ်ကူ ပေးခဲ့ကြတယ်။ အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ထန်းပင်ကုန်းကျေးရွာအနီးရှိ မောချောင်းကို ရေကူးစဉ် အင်အား ၅၀ လောက်က တဖက်ကမ်းကို ရောက်သွားပြီ။ ‌ချောင်းကူးဖို့ စောင့်ဆိုင်းနေတဲ့ အင်အား ၇၀ နဲ့ ရေကူးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကျနော်တို့ဘက်က စုပေါင်းအင်အား ၅၀ နဲ့ တရစပ် ဝင်ရောက်ပစ်ခတ်ခဲ့တာ။ အဲဒီလို ပစ်ခတ်စဉ်မှာ စစ်ကောင်စီတပ်သားတွေ အများအပြား သေဆုံးသွားတာကို တိုက်ပွဲမှာပါဝင်တဲ့ မျက်မြင်ရဲဘော်တွေက တွေ့ခဲ့ရတယ်။ ချောင်းထဲမျောပါသွားတဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေကိုလည်း ဒေသခံတွေက တွေ့ရတယ်။ နယ်မြေရှင်းလင်းရေး ဝင်ရောက်တဲ့အခါမှာလည်း စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေ သင်္ဂြိုဟ်ထားတာ တွေ့ရတယ်။ ကျနော်တို့ဘက်က လက်နက်ကြီး ၈၀ မမ နှစ်ခုနဲ့ ၆၀ မမ တခုလည်း ဆုံးရှုံးသွားတယ်။ ‌ရဲဘော်ဆိုင်ကယ် ၅ စီးနဲ့ ဒေသခံဆိုင်ကယ် ၅ စီး စုစုပေါင်း ၁၀ စီးလောက်ကိုလည်း စစ်ကောင်စီတပ်က မီးပုံရှို့သွားတယ်။ ထီးလင်းမြို့ပေါ် ပြန်လည်ဝင်ရောက်သွားတဲ့အခါ စစ်ကောင်စီတပ်သား ၉၇ ယောက်သာ ပါဝင်တယ်လို့ မျက်မြင်ပြည်သူတွေ၊ YDF တပ်ဖွဲ့ဝင် ကင်းထောက်တွေ တွေ့ရတယ်” လို့ ပြောပါတယ်။

ယောကာကွယ်ရေးတပ် YDF-ထီးလင်း အနေနဲ့ မနှစ်က ဆောင်းဦးပေါက်အချိန် စစ်ကောင်စီနဲ့ တိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ရဲဘော် ၁၄ ယောက်ရဲ့ နှစ်ပတ်လည်နေ့အမီ ထိရောက်စွာ လက်တုံ့ပြန်နိုင်ခဲ့တဲ့အတွက် အထူးကျေနပ် ဝမ်းသာပီတိ ဖြစ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

မနေ့ မနက် ၉ နာရီလောက်က ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင် တယောက်နဲ့ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်ဗုံးသီး ၂၅ လုံးတို့ကို သိမ်းဆည်းရမိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

‌အဲ့ဒီစစ်ကြောင်းက စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၂၆ ရက်နဲ့ ‌၂၇ ရက်က ထီးလင်းမြို့နယ်က အိုင်းမရွာနဲ့ ထန်းပင်ကုန်းကျေးရွာက ဒေသခံနေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားခဲ့ပါသေးတယ်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ခလရ ၅၀ ကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယောဒေသကာကွယ်‌ရေးတပ်ဖွဲ့တွေကြား ရှုံးရှီရွာအနီးမှာ အောက်တိုဘာ ၂၆ ရက်‌က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဂန့်ဂေါ PDF တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ယောက် ထိခိုက်‌ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအချက်အလက်တွေအရ အတည်ပြုနိုင်ခဲ့ပြီး ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

“CDF-KKG၊ ပကဖ၊ ဂန့်ဂေါခရိုင် အမှတ် ၇ တပ်ရင်း ကျနော်တို့ဘက်က အင်အား ၆၀ လောက်နဲ့ ဝင်တိုက်ခဲ့တာ။ စစ်‌ကောင်စီဘက်က ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်တော့ရှိတယ်။ သူတို့ဘက်ကတော့ ထိခိုက်ကျဆုံးမှုသတင်းတော့ မရဘူး။ ဒဏ်ရာရသူတွေ များပြားတယ်လို့ သိရတယ်။ ကျနော်တို့ဘက်က တပ်ရင်းကရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူး။”

အောက်တိုဘာ ၂၂ ရက်ကလည်း ဂန့်ဂေါမြို့နယ် ကန်ရွာအနီး တိုက်ပွဲမှာ ဒေသခံကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

အောက်တိုဘာ ၁၇ ရက်ကလည်း ဂန့်ဂေါမြို့နယ် ကန်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် ကျဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂန့်ဂေါနယ်မြောက်ပိုင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသလို ဒေသခံတွေလည်း ဘေးလွတ်ရာ ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ တနှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013