စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၈ ရက် မနက် ၇ နာရီကျော်လောက်ကစပြီး လေယာဉ် ၃ စီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားအများအပြား ပိတ်မိနေတယ်လို့ မြောင်ဒေသခံတွေက ပြောပါတယ်။
အခု လေယာဉ်နဲ့ပစ်ခတ်ခံရတဲ့ ပရိမ္မရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်လောက် ရှိတယ်လို့လည်း ဆိုပါတယ်။
ဒေသခံရွာသားတယောက်က “ည ၅ နာရီလောက် ကျောက်ရစ်ရွာဘက်ကနေ ပေါက်ကွဲသံတွေ ကြားပြီး မကြာဘူး ပရိမ္မရွာကို စစ်အင်အား ၇၀ လောက်နဲ့ ညကြီး စစ်ကြောင်းထိုးလာတယ်။ အဲဒီမှာတင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာလား၊ သူတို့ကပဲ သေနတ်နဲ့ ပစ်ဖောက်ပြီး လာတာလားတော့ မသိဘူး။ ညအချိန်ကြီးဆိုတော့ ထွက်ပြေးနိုင်တဲ့ အရွယ်ကတော့ ထွက်ပြေးကြတယ်။ နောက်ထပ် ဘာပြောချင်သေးလဲဆိုတော့ ဒီစစ်ပွဲကြီး မြန်မြန်ပြီးပါစေလို့ပဲ ပြောချင်တယ်။ ကိုယ့်စီးပွားရေးအလုပ်လည်း ကောင်းကောင်း မလုပ်ရဘူး” လို့ ပြောပါတယ်။
အဲဒီ ပရိမ္မရွာကို စစ်ကောင်စီတပ်က လတ်တလော မြေပြင်ကရော ဝေဟင်ကပါ တိုက်ခိုက်နေပြီး မနက် ၉ နာရီမှာ ရွာအတွင်းက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ဗိုလ်တောက်ထွန်းက “တိုက်ပွဲက ညအချိန် စစ်ကြောင်းထိုးလာတဲ့ကောင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်တယ်။ ပထမ ၇ နာရီလောက်က ဂျက်ဖိုက်တာနဲ့ လာပစ်တယ်။ ၇ နာရီ ၁၅ လောက်ကြတော့ ရိုးရိုးဂျက်လေယာဉ်နဲ့ လာပစ်တယ်။ ခဏလောက်ကျတော့ ပရိမ္မအထကကျောင်းထဲ စစ်သားတွေချတယ်။ အထိအခိုက်ကတော့ သူတို့ပစ်ခတ်လို့ ရွာသားတချို့ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ ကနဦးသိထားရတယ်။ အရေအတွက် အတိအကျတော့ ပြောလို့မရသေးဘူး။ PDF တွေကတော့ အားလုံး အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပဲ” လို့ ပြောပါတယ်။
ပရိမ္မရွာကို လာရောက်ပစ်ခတ်တဲ့ လေယာဉ် ၃ စီးဟာ မုံရွာ နမခစစ်တပ်ကနေ လာရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။
စစ်ကောင်စီက ပရိမ္မရွာကို အောက်တိုဘာ ၈ ရက်ကလည်း ကျောက်ရစ်စခန်းကနေ စစ်ကြောင်းထိုးပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့မှာ လုံခြုံရေးကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
မနေ့ကမနက်ပိုင်း ၁၀ နာရီလောက်က ဘဏ်ရှေ့တိုက်ခိုက်မှုအတွင်း လုံခြုံရေး ကင်းစောင့်နေတဲ့ စစ်သား ၃ ယောက်နဲ့ ဘဏ်အနားက အရက်ဆိုင်ထဲကနေ ထွက်လာပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနောက် ပြေးလိုက်ခဲ့တဲ့ စစ်သား ၁ ယောက်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မြောင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ Myaung Revolution Army (MRA) မှ တာဝန်ရှိသူက “ဘဏ်ရှေ့မှာ ၂ ကောင်သေတယ်။ ဘဏ်နဲ့ မျက်နှာချင်းဆိုင်မှာ ကင်းစောင့်နေတဲ့ ၁ ကောင် သေတယ်။ ပြီးတော့ ဘဏ်နားက အရက်ဆိုင်ထဲကနေ ထွက်လာတဲ့ ၁ ကောင်လည်း သေတယ်။ ကျနော်တို့ ဆက်ပစ်နေရင် အတွင်းမှာ ပြည်သူတွေရှိနေတော့ ထိမှာစိုးလို့ ပြန်ဆုတ်လာတာ” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ဘဏ်ကို လုံခြုံရေးကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၀ ယောက်လောက်ရှိပြီး ကျန်ရှိတဲ့ စစ်သား ၆ ယောက်က ဘဏ်အတွင်းကနေ ပြည်သူကို အကာအကွယ်ယူကာ ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့ဘက်မှာ အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အခုလပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဟာ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်တာတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။