
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီးမှာ အောက်တိုဘာ ၂၇ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ရေးဘီလူးအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ရွာသားတယောက်က “ပစ်ခတ်တာ သေနတ်သံက အချက် ၃၀ လောက်ကြားတယ်။ ပြီးတော့ စစ်တပ်ဘက်က PDF ဘက်ကို ချက်ချင်းပဲ လိုက်တက်လာပြီး ပိတ်ဆို့ပေမဲ့ PDF တွေက ပစ်ခတ်အပြီးမှာ ပြန်ထွက်ခွာသွားတယ်။ ခြံသမားတွေနဲ့ ရွာသားတွေကိုတော့ ဘာမှ မလုပ်ပေမဲ့ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်” လို့ ပြောပါတယ်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “အခုဖြစ်စဉ် မိနစ်အနည်းငယ်ကြာ တိုက်ပွဲမှာ ကျနော်တို့ လက်ဦးမှုရတယ်။ စစ်တပ်နဲ့ အကျိုးတူလုပ်ငန်းလုပ်နေတာ အားမရဘဲ စစ်တပ်သတင်းပေးတော့ ရေးဘီလူးအဖွဲ့က ၁၂ ဘီးကားကို မီးရှို့ပြီး အပြန်မှာ မိုင်တဲတိုင်ကို ၄၀ နဲ့ ပစ်ခတ်ဖျက်ဆီးလိုက်ပါတယ်” လို့ ပြောပါတယ်။
ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်က ပွင့်လင်းရာသီကာလမှာ စစ်ရေးအရှိန် မြှင့်တင်သွားမှာ ဖြစ်တာကြောင့် လူတွေ အသွားအလာ သတိရှိပြီး စစ်ကောင်စီနဲ့ ပါဝင်ပတ်သက်နေတဲ့သူတွေ အနားမှာ မနေကြဖို့ ထပ်မံ သတိပေးထားပါတယ်။
လက်ရှိမှာ စစ်တပ်က အင်အားသုံးပြီး ရေး-ဘုရားသုံးဆူ ကားလမ်းမှာ PDF တွေနောက်ကို လိုက်လံရှင်းလင်းပေမဲ့ PDF တွေကတော့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။