ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပျောက်ဆုံးနေတဲ့ ကျောင်းသား ၃ ယောက်ထဲက နောက်ဆုံး ကျန်နေတဲ့ ကျောင်းသားရုပ်အလောင်းကို အောက်တိုဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က စစ်တွေမြို့ ကျေးတောကျေးရွာကမ်းခြေတနေရာမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကျေးတောရွာမကမ်းခြေမှာ တွေ့ရှိတာပါ။ အရင် ပထမဆုံးတွေ့ခဲ့တဲ့ ရုပ်အလောင်းနေရာနဲ့ အတော်လေးဝေးပါသေးတယ်။ ကျနော်တို့ဘက်ကလည်း နေ့ရောညပါ လိုက်ရှာနေခဲ့ကြတာ။”
စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်မှ စတုတ္ထတန်းကျောင်းသား ၃ ယောက်ဟာ အောက်တိုဘာ ၂၂ ရက်က စစ်တွေ ပွိုင့်အပန်းဖြေစခန်း သဲသောင်ပြင်မှာ ရေကစားရင်း ရေနစ်ပျောက်ဆုံးခဲ့တာပါ။
အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ ပျောက်ဆုံးနေသူတွေထဲက မောင်ဇွဲဘုန်းခန့်ရဲ့ ရုပ်အလောင်းကို စစ်တွေမြို့နယ် ကျေးတောရွာမချောင်းနားမှာ တွေ့ရှိခဲ့ပြီး မောင်ဟိန်းထက်ဝင်းနိုင်ရဲ့ ရုပ်အလောင်းကို စစ်တွေနေဗီဆိပ်မှာ တွေ့ရှိခဲ့ပြီး အဲဒီနေ့မှာပဲ သင်္ဂြိုဟ်ခဲ့ကြပါတယ်။
ပျောက်ဆုံးနေတဲ့ နောက်ဆုံးတယောက်ဖြစ်တဲ့ မောင်အောင်လင်းသူရဲ့ ရုပ်အလောင်းကိုတော့ ၅ ရက်အကြာ ဒီနေ့မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မိသားစုဝင်တေယာက်က “အောင်လင်းသူကို ရှာမတွေ့ရင်လည်း ရက်လည်ဆွမ်းကို ၂၈ ရက်နေ့ မနက်ဖြန်မှာပြုလုပ်ဖို့ စီစဥ်ထားတာပါ။ အခုလို ညမအား နေ့မအား ရှာဖွေပေးခဲ့ကြတဲ့ လူမှုရေးအဖွဲ့တွေကိုလည်း အလွန်ကျေးဇူးတင်ရမှာပါ” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက စစ်တွေမြို့ ပွိုင့်အရှေ့ရှိ CCTV မှတ်တမ်းအရ အဲဒီကလေးငယ် ၃ ယောက်ဟာ စစ်တွေမြို့ ပွိုင့်အရှေ့ရှိ ကျောက်ဆောင်မှာ ရေကစားနေရာ သူတို့ ၃ ယောက်ထဲက ၁ ယောက် ရေနစ်တာကို ကျန် ၂ ယောက်က လိုက်ဆွဲရင်း ၃ ယောက်လုံး ရေထဲကျသွားကြောင်း တွေ့ရပါတယ်။