
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက် ဒီနေ့မနက် အစောပိုင်းကစလို့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်အခြေစိုက် စခက-၉ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက် ၆ နာရီလောက်ကစပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ နဂရာကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စခက-၉ တပ်က ၆၀ မမလို့ထင်ရတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ အချက်ပေါင်း ၂၀ ကျော်နေပြီ။ အဲဒီလက်နက်ကြီးကျည်တွေက နဂရာရွာနောက်ကြောဘက်၊ ရုပ်သားရွာ နောက်ကျော ၉၉ တောင်တန်းဘက်တွေမှာ ပေါက်ကွဲခဲ့တယ်။”
ဒီကနေ့ ပစ်ခတ်မှုကြောင့် လူတွေ ထိခိုက်သေဆုံးမှု အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ လတ်တလော မသိရသေးပါဘူး။
နဂရာရွာကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့က ဒရုန်းနဲ့ EY ဗုံးသီး ၃ လုံး ပစ်ချခဲ့လို့ ဘုန်းကြီးကျောင်း ခေါင်မိုးကို ကျရောက်ပေါက်ကွဲခဲ့သလို အောက်တိုဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာလည်း လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ စာသင်ကျောင်းခေါင်မိုး ပျက်စီးခဲ့ပါတယ်။
နဂရာကျေးရွာမှာ အိမ်ခြေ ၂၂၂ လုံးနဲ့ လူဦးရေ ၁,၂၆၃ ယောက်ရှိပြီး စစ်ဘေးရှောင် စခန်းတွေကို ထွက်ပြေးခိုလှုံနေရကာ စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။