Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေး လုံခြုံရေး အင်တာပိုအဖွဲ့နှင့် ပူးပေါင်းစစ်ဆေး
ပီတာအောင်
·
May 6, 2014

မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေးအတွက် ရန်ကုန်လေဆိပ်မှာ   နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ (အင်တာပို) က ရဲ အရာရှိတွေနဲ့ ပူးပေါင်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

INTERPOL_logo_hi-res_2012_4 copyအာဆီယံထိပ်သီးအစည်းအဝေး မကျင်းပခင် တပတ်အလို မေလ ၃ ရက်နေ့ကတည်းက အင်တာပိုအဖွဲ့က ကျွမ်းကျင်သူရဲအရာရှိတွေ၊ မြန်မာရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိတွေနဲ့ ပူးပေါင်းပြီး   ရန်ကုန်လေဆိပ် အ၀င်အထွက်မှာ လုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်နေ တာဖြစ်ပါတယ်။

လုံခြုံရေးတိုးမြင့် ဆောင်ရွက်နေမှု အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာနခွဲ  ဒုညွှန်ကြားရေးမှူး ဒုရဲမှူးကြီး လှမြင့်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အင်တာပိုအဖွဲ့က ၃ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လ၀ကနဲ့ပေါ့။ လေဆိပ်မှာထိုင်ပြီး စစ်ဆေးဖို့ လုပ်နေတာတွေ။ လေဆိပ်အ၀င်တွေ စစ်ဆေးဖို့ သူတို့ စလုပ်နေပြီ။ အစည်းအဝေးကြီး ပြီးတဲ့အထိ သူတို့ လုပ်ပါမယ်။ အဓိက ၀င်လာတဲ့သူတွေပေါ့။ နိုင်ငံခြားသားတွေ ၀င်တဲ့ထဲမှာ အဖျက်အမှောင့်လုပ်ငန်းတွေ ပါလာမှာစိုးလို့။ ဒါလေးတွေ စိစစ်ဖို့ပေါ့။ ကျနော်တို့ချည်းပဲစာရင် အင်တာပိုရဲ့ နည်းပညာတွေနဲ့ စိစစ်သွားဖို့ပါ။ ပတ်စပို့တွေ စိစစ်မယ်။ ပတ်စပို့ အတုတွေပါလာမလား။ ပါလာရင် ဒီလူကို လက်ဘွေတွေနဲ့ ထပ်စစ်မယ်။ ”

လက်ရှိ ရန်ကုန်လေဆိပ်မှာ မြန်မာနဲ့ လုံခြုံရေး  ပူးပေါင်းဆောင်ရွက်နေတဲ့  အင်တာပိုရဲအရာရှိ (၃)ဦး ကတော့ တောင်ကိုရီးယား၊ ကနေဒါနဲ့ ဆလိုဗေးနီးယားနိုင်ငံတွေက ဖြစ်ပါတယ်။

၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို လာမယ့် မေလ ၁၀ ရက်ကနေ ၁၁ ထိ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး  ဒေသတွင်းနိုင်ငံတွေက ထိပ်သီးခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးကြဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ရန်ကုန်လေဆိပ်အပြင်  နေပြည်တော်မှာလည်း  လုံခြုံရေးအတွက် သီးခြားအဖွဲ့တွေ ဖွဲ့စည်းပြီး  မိုင်းရှင်းလင်းရေး အပါအ၀င်  လုံခြုံရေးကြိုတင်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ လုံခြုံရေးအတွက်လည်း အင်တာပိုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါတယ်။

အင်တာပိုအဖွဲ့ အကြီးအကဲ ရော်နယ်ကေ နိုဘယ်ကတော့ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်မှာ  လေဆိပ်တွေနဲ့ နယ်စပ်ဖြတ်ကျော် ဂိတ်ဝင်ပေါက်ထွက်ပေါက်တွေမှာ မြန်မာနဲ့ပူးပေါင်းပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ကတိပြုပြောဆိုခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024