DVB Logo
Home
မြန်မာသတင်း
စစ်ဘေးဒုက္ခသည်များအတွက် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများမှတဆင့် ပံ့ပိုးပေးရန် တိုက်တွန်း
DVB
·
October 27, 2022
စစ်ဘေးဒုက္ခသည်များအတွက် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများမှတဆင့် ပံ့ပိုးပေးရန် တိုက်တွန်း
Donate to DVB

စစ်ဘေးရှောင်တွေကို တိုက်ရိုက်အကူအညီတွေ ရောက်ရှိစေဖို့ နယ်စပ်ဒေသတွေမှာရှိတဲ့  အရပ်ဘက်လူထုအဖွဲ့အစည်းတွေကတဆင့် ကူညီထောက်ပံ့ပေးဖို့ နိုင်ငံတကာနဲ့ အလှူရှင်တွေကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက် ဒီကနေ့ပြုလုပ်တဲ့ ကရင်လူသားချင်းစာနာထောက်ထားမှု အကူအညီ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) မှ စောအဲလက်စ်ထူးက ပြောပါတယ်။

“နံပါတ် ၁ အနေနဲ့ နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းဟာ ကျနော်တို့ နှစ်ပေါင်းများစွာ ဒီအလုပ်ကို လုပ်ခဲ့တယ်။ ကျနော်တို့ ထောက်ပံ့ကူညီမှုတွေကို အချိန်မီရောက်အောင် ကူညီပေးနေတယ်။ နံပါတ် ၂ အချက်က ကျနော်တို့ အကူအညီတွေက စစ်ကောင်စီနဲ့ စစ်တပ်တွေ မရောက်ဘူး။ တိုက်ရိုက် အိုင်ဒီပီ လိုအပ်တဲ့ဆီကို ရောက်တယ်ပေါ့နော်။ နောက်တခုက နယ်စပ်ကနေ ပေးခြင်းအားဖြင့် မလိုလားအပ်တဲ့ တားဆီးမှုတွေ၊ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို အများကြီးကာကွယ်ပေးလို့ ရတယ်ပေါ့နော်။”

ဒါ့အပြင် လက်ရှိအခြေအနေအရ နိုင်ငံကာအကူအညီတွေဟာ ပြည်တွင်းကနေတဆင့် ဝင်ရောက်ဖို့ရှိနေပြီး အဲဒီအကူအညီတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် အမှန်တကယ် လိုအပ်တဲ့သူဆီရောက်ဖို့ စိုးရိမ်စရာဖြစ်တယ်လို့ KPSN ဒုတာဝန်ခံ စောလေးကပေါ်က ပြောပါတယ်။

“အဓိက ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် အကူအညီတွေကို ထောက်ပံ့ပေးနေတာက ဘယ်နေရာမဆို ဒုက္ခသည်တွေရှိနေတဲ့ နေရာအားလုံးကို ပေးနေတာက လူထုအခြေပြု အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း အထူးသဖြင့် ရန်ကုန်မှာ အခြေစိုက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း တော်တော်များများက လိုအပ်နေတဲ့သူတွေဆီကို တိုက်ရိုက်ရောက်တာကို ကျနော်တို့ သိပ်မရှိသလောက်ပါပဲ။ ဆိုတော့ အဓိက ဒုက္ခသည်တွေကို ကူညီပေးနေတာက ကျနော်တို့ CSO တွေပဲဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံတကာ အထူးသဖြင့် ယူအန်တို့လို အန်ဂျီအိုတို့လိုပဲပြောပြော သူတို့ကို ကူညီပေးချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ CB, CSO ကနေတဆင့် သွားနေရတယ်။ အဲတော့ first hand ကူညီပေးနေတဲ့သူတွေကို တိုက်ရိုက်ထောက်ပံ့မယ်ဆိုရင်တော့ ပိုပြီးတော့ ဒုက္ခသည်တွေဆီကို လျင်မြန်ပြီး ပိုပြီးအကျိုးရှိမယ်။ နောက်တခုက ပြည်တွင်းကနေတဆင့် ကျနော်တို့ သွားမယ်ဆိုရင် အဆင့်ဆင့်သွားရမှာဖြစ်တဲ့အပြင် နေရာတော်တော်များများက စစ်တပ်ရဲ့ အနှောင့်အယှက်ပေးမှုတွေ အများကြီးရှိနေတဲ့အခါမှာ အကူအညီတွေ ထိရောက်မှုက အင်မတန်မှ စိုးရိမ်ဖို့ကောင်းတယ်ပေါ့နော်။”

နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဟာ အစာမလုံလောက်မှုတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကျေးရွာသားတွေကို  လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ဆယ်စုနှစ် ၃ ခုကျော်ကြာအောင်  ပေးခဲ့သလို ၁၉၉၂ ခုနှစ်ကနေ ၂၀၂၀ အတွင်း နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအတွင်း နေထိုင်တဲ့ လူဦးရေ ၁ ဒသမ ၇ သန်းကို အဓိအားဖြင့် ဆန်အကူအညီ အမေရိကန် ဒေါ်လာ ၃၂ သန်းကျော်ဖိုး ပံ့ပိုးကူညီနိုင်ခဲ့ကြောင်း ရှင်းလင်းပွဲမှာ KPSN က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဖော်ပြပါတယ်။

ဒါ့အပြင် ၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာတဲ့ ပဋိပက္ခနဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေက မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ရွာသား ၃၄၀,၀၀၀ ကျော် ရွှေ့ပြောင်းမှုနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ဇူလိုင်လအထိ နယ်စပ်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းကနေတဆင့် လူပေါင်း ၃၈၈,၀၀၀ ကျော်ကို စားနပ်ရိက္ခာထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၇ သန်းဖိုး ပေးနိုင်ခဲ့သလို ယန္တရားတွေကိုလည်း လျင်မြန်ထိရောက်အောင် ကူညီဖြန့်ဝေနိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။

အဲဒီထောက်ပံ့မှုတွေဟာ အဓိအားဖြင့် ပုဂ္ဂလိက အလှူရှင်ကနေသာ ရရှိနေတဲ့ အနေအထား ဖြစ်ကြောင်းလည်း ထောက်ပြပြောဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိပဋိပက္ခတွေကြောင့် လယ်သမားတွေ ဆန်စပါးစိုက်ပျိုးနိုင်စွမ်း မရှိတော့တဲ့အတွက် ဖြစ်လာတဲ့ အစားအစာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ရေရှည်ထောက်ပံ့ ကူညီဖို့အတွက် လာမယ့် ၁၂ လ ကာလတခုအတွက် အစားအစောထောက်ပံ့မှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းအထိ လိုအပ်နေကြောင်းလည်း ထောက်ပြထားပါတယ်။

ဒီလိုအပ်မှုဟာ ကရင်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ လိုအပ်မှုဖြစ်ကြောင်းလည်း ပြောပါတယ်။

ကရင်ပြည်နယ် မူတြော်၊ ဖာပွန်မှာ ဒုက္ခသည် ၉၆,၁၇၉၊ ဒူပလာခရိုင်မှာ ၈၅,၄၈၂၊ ဒူသထူ (သထုံ) ခရိုင်မှာ ၇၄,၇၀၅ နဲ့ အများဆုံးဖြစ်နေပြီး ကျန်တဲ့ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်မှာ‌တော့ စစ်ရှောင် ၆၁,၉၈၆၊ တနင်္သာရီမှာတော့ ၂၁,၆၁၄ နဲ့ တောင်ငူခရိုင်မှာ ၇,၅၃၇ ဦး စုစုပေါင်း ၃၄၇,၅၀၃ ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013