DVB Logo
Home
မြန်မာသတင်း
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေးအရေးပေါ်ဆွေးနွေး၊ စစ်ကောင်စီဝန်ကြီး တက်ခွင့်မရ
DVB
·
October 27, 2022
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေးအရေးပေါ်ဆွေးနွေး၊ စစ်ကောင်စီဝန်ကြီး တက်ခွင့်မရ
Donate to DVB

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး အရေးပေါ်ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ  အောက်တိုဘာ ၂၇ ရက် မနက်က မြန်မာနိုင်ငံကကိုယ်စားလှယ် မပါဘဲ ကျင်းပပါတယ်။   

အင်ဒိုနီးရှားနိုင်ငံမြို့တော်ရှိ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပတဲ့ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးရော NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ခွင့်မရဘဲ  မြန်မာနိုင်ငံမှာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ  ပြန်လည်စတင်ဖို့ ဦးတည်ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီ သီတင်းပတ်တွေအတွင်း အကြမ်းဖက်မှုတွေ အရှိန်မြင့်လာပြီးနောက် ဒါဇင်နဲ့ချီတဲ့ ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အင်းစိန်အကျဉ်းထောင်ကို ဗုံးခွဲမှုနဲ့  ကချင်ပြည်နယ်မှာ  အနည်းဆုံးလူ  ၆၀ ကျော်သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် သွေးထွက်သံယိုမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့ပြီးနောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်ဆွေးနွေးနေကြတာဖြစ်ပါတယ်။ 

အာဆီယံဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ဦးဆောင်ကြိုးပမ်း လုပ်ဆောင်နေပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက  တချက်မှ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာမရှိပါဘူး။

အာဆီယံနဲ့ ဘုံသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ရေး၊ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် တွေ့ဆုံဆွေးနွေးရေး၊ စေ့စပ်ညှိနှိုင်းရေးအဆင်ပြေ ချောမွေ့စေဖို့ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးခြင်းနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးခွင့်ပြုဖို့တွေပါဝင်ပါတယ်။ 

ဒီကနေ့အစည်းအဝေးမှာတော့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ပြန်သုံးသပ်တာ၊ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးမဖိတ်ဖို့ ဆုံးဖြတ်ထားတာတွေသက်တမ်းတို့ဖို့ ဆွေးနွေးတာတွေရှိနိုင်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ နှစ်ပိုင်းကွဲနေတဲ့ အာဆီယံနိုင်ငံတွေကြား ဘုံသဘောတူညီတဲ့ အချက်အသစ်ရရှိဖို့ ခက်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူ ဉီးစိုင်းကြည်ဇင်စိုးကတော့ အာဆီယံနိုင်ငံခြာရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းဝေးမှာ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စတွေဆွေးနွေးနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကလည်း အလုပ်မဖြစ်တာကြောင့် မလေးရှားက တိုက်တွန်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်ဆံဖို့၊ ဖိလစ်ပိုင်ဘက်က ပြောဆိုထားတဲ့ စစ်ကောင်စီကို စားပွဲဝိုင်းခေါ်ဖို့ စတဲ့ နည်းလမ်းအသစ်တွေ ဆွေးနွေးနိုင်တယ်လို့ လည်း ဆိုပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေအတွင်း အနောက်အုပ်စုရဲ့ နည်းလမ်းအတိုင်း သွားချင်တဲ့ နိုင်ငံတွေရှိသလို၊ တရုတ်နိုင်ငံရဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ချင်တဲ့ နိုင်ငံတွေလည်း ရှိနေပြီး နှစ်ပိုင်းကွဲနေတာကြောင့် ဘုံသဘောတူညီချက်အသစ်တွေထွက်လာဖို့ ခက်လိမ့်မယ်လို့ ဉီးစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဉီးရဲထွန်း (သီပေါ)ကလည်း သဘောထားနှစ်ခုဖြစ်နေတဲ့ အာဆီယံနိုင်ငံတွေအကြား မြန်မာ့အရေးဟာ ရှေ့မတိုး နောက်မဆုတ်ပုံစံသာရှိနေလိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဆီယံအနေနဲ့ စစ်ကောင်စီကို အစည်းဝေးတွေတက်ခွင့်ပိတ်ပင်တာမျိုး ဆက်ရှိနေဉီးမယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ဖို့ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ ဘယ်လိုပဲဖိအားတွေပေးသည်ဖြစ်စေ စစ်ကောင်စီအနေနဲ့တော့ သူတို့သွားနေတဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို မဖြစ်နေသွားမှာဖြစ်ပြီး ပြောင်းလဲလာမှာမဟုတ်ဘူးလို့လည်း ဉီးရဲထွန်းကပြောပါတယ်။

လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွားလာတာနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ အလွန်စိုးရိမ်ပူပန်နေတယ်လို့ အောက်တိုဘာလ ၂၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လာမယ့်နိုဝင်ဘာလအတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းဖို့ရှိနေတဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို မဖတ်ဖူးလို့လည်းအတည်ပြုထားပါတယ်။

အာဆီယံအနေနဲ့ လက်ရှိအချိန်ထိ စစ်ကောင်စီကို မဖိတ်ကြားရေးမူကိုပဲ ဆက်လက်စွဲကိုင်ထားတာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးက သီးခြားသဘောတူညီချက်တွေ ထွက်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013