ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲနဲ့ လမ်းမတွေပေါ်မှာ အတင်းအကျပ် စစ်ဆေးနေတဲ့အတွက် အောက်တိုဘာ ၂၅ ရက်ကစပြီး ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ ကေအိုင်အေက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
အောက်တိုဘာ ၂၃ ရက်ညက ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့်နေ့အထိမ်းအမှတ်အကြိုနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကချင်အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကေအိုင်အေအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် အနည်းဆုံး ပြည်သူ ၆၀ ကျော်လောက်သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်အပြီး ဖားကန့် မြို့တွင်း မြို့ပြင် နေရာများအနှံ့မှာ စစ်ကောင်စီအဖွဲ့က စစ်အင်အား အများအပြားနဲ့ လမ်းပိတ်ပြီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက "သူတို့စစ်ချင်တဲ့အချိန် စစ်နေတာ ဖားကန့်မြို့အဝင်အထွက်တွေမှာ စစ်တယ် တံတားတွေမှာစစ်တယ်။ ဖားကန့် ရဲစခန်းနေရာတွေမှာစစ်တယ်"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကတံတားတွေ လမ်းတွေနဲ့ ဆိုင်းတောင်၊ လုံးခင်းဘက်တွေက အဝင်/အထွက်တွေမှာစစ်ဆေးနေသလို လမ်းသွား လမ်းလာတွေရဲ့ ဖုန်းတွေနဲ့ ဆိုင်ကယ်/ကားတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေထံ ကသိရပါတယ်။