
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့နှစ်ဦးကို ရမည်းသင်းအကျဥ်းထောင်ကနေ ဒီနေ့ နေ့လယ် ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့နှစ်ဦးကို ဒီကနေ့ နေ့လယ်တနာရီ ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။
စစ်တပ်နဲ့နီးစပ်သူတဦးက "နှစ်ဦးစလုံးကို ပြန်လွှတ်ပေးလိုက်တာပါ၊။ ဘာကြောင့် လွှတ်ပေးလဲတော့ မသိဘူး၊ ရွေးကောက်ပွဲကိစွလို့ အချို့က ပြောပေမဲ ကျနော်ကတော့ မထင်ဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့သုံးဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးကနေ ပုဒ်မ ၁၃၀ (က) နဲ့ ထောင်သုံးနှစ်စီ ချမှတ်ခဲ့တာပါ။
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထောင်ကျနေတဲ့ အဖွဲ့ဝင် ဦးသန်းဌေးကတော့ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLD အစိုးရလက်ထက်က ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင် အပါအဝင် ဝန်ထမ်းပေါင်း ငါးရာကျော်ကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ အရေးယူထားတယ်လို့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီဝါဒဖြန့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။