
မန္တလေးတိုင်း၊ စကားပင်အုပ်စု၊ တံတားဖြူကျေးရွာတံတားပေါ်မှာ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အောက်တိုဘာ ၂၆ ရက် မနက် ၇ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ဆေးရုံမှာ ၁ ယောက် ထပ်သေဆုံးခဲ့တာကြောင့် စုစုပေါင်း ၄ ယောက် သေဆုံးတယ်လို့ တိုက်ပွဲနောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မိုင်းခွဲတိုက်ခိုက်တာကို နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ MDY PDF (Mongoose Squadron) တပ်ခွဲ၊ တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ NGU:FF (မြေခွေးတပ်ဖွဲ့) တို့က ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ လှည့်လည်သွားလာပြီး ပြည်သူ့နေအိမ်တွေကို မီးရှို့ကာ ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စကားပင်အုပ်စု တံတားဖြူကျေးရွာ တံတားပေါ်မှာ ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေချိန်မှာ မိုင်းဘီလူးတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တံတားဖြူကျေးရွာထဲကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့ကာ ပြည်သူ့နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။