ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာ ၂၆ ရက်က နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ငါးမှုလုံးအတွက် အောက်တိုဘာ ၁၈ ရက်က စွဲချက်တင်အမိန့် ချလိုက်ပြီး အောက်တိုဘာ ၂၅ ရက်ကစကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ မနေ့ကရုံးချိန်းမှာ စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။
တရားရုံးနဲ့နီးစပ်သူတယောက်က “ဒီနေ့ ပြန်ခေါ်သက်သေ နှစ်ယောက်ကို စစ်တယ်။ နောက်လာမယ့်အပတ်ရုံးချိန်းမှာ လူကယ်ပြန် ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်ကို စစ်မယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း သိရပါတယ်။