Home
မြန်မာသတင်း
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက လယ်စိုက်ခင်းနှင့် ပုစွန်ကန်များ ပျက်စီး
DVB
·
October 26, 2022
313214095_200029532483471_1569245665374452624_n
313204799_200029562483468_1940957499078978854_n

ရခိုင်ပြည်နယ်အတွင်းမှာ အောက်တိုဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ စီတရန် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး ဒီရေတွေမြင့်တက်ခဲ့လို့ လယ်စိုက်ခင်းတွေနဲ့ ပုစွန်မွေးမြူရေးကန်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စီတရန်မုန်တိုင်း တိုက်ခတ်တဲ့အတွက် လယ်ကွင်းတွေကို ညဘက်သွားကြည့်ဖို့ မလွယ်ကူဘဲ ဒီရေ အဆမတန်မြင့်တက်ပြီး ကန်သင်းတွေကျိုးပေါက်ကာ ဆားငန်ရေတွေ ဝင်ရောက် ရေနစ်မြုပ်ခဲ့လို့ စပါးစိုက်ခင်းတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့သလို ပုစွန်မွေးမြူရေးကန်တွေလည်း ကျိုးပေါက်ပြီး ဆုံးရှုံးခဲ့ကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံ လယ်သမားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အခု ဒီရေမြင့်တက်မှုဟာ ကျနော်တို့အသက်အရွယ်နဲ့ တကြိမ်တခါမှ မမြင်ဖူးအောင် မြင့်တက်ခဲ့တာပါ။ ဒီရာသီက စပါးပင်တွေ ဖူးပွင့်တဲ့အချိန်ပါ။ ကောက်လျင်စပါးတချို့ ဆိုရင်လည်း မှည့်တဲ့အခင်းတွေ မှည့်နေကြပြီ။ ဆားငန်ရေ ဝင်ရောက်နစ်မြုပ်သွားတဲ့အတွက် စပါးအထွက်နှုန်း သုံးလေးဆလောက်အထိ လျော့ကျနိုင်တယ်။”

ဒီရာသီက ဆားအလွန်ငန်တဲ့ရာသီ ဖြစ်သလို ဓာတ်မြေသြဇာအဖြူ ကြဲပြီးခါစမှာ ဆားငန်ရေ ဝင်ရောက်သွားတဲ့အတွက် မြေသြဇာဖိုးတွေ ဆုံးရှုံးကြရသလို စပါးခင်းတွေ ပျက်စီးဆုံးရှုံးကာ လုပ်အားခ၊ စက်ငှားရမ်းခတွေ အများအပြား နစ်နာဆုံးရှုံးကြရတယ်လို့ ဆိုပါတယ်။

“ကုန်းမြင့်တဲ့နေရာတွေကိုပါ ဒီရေဝင်ရောက်တာဖြစ်လို့ အောက်ပိုင်း အနိမ့်ပိုင်းတွေမှာဆိုရင် ပျက်စီးဆုံးရှုံးမှု ပိုများတယ်။ ပုစွန်မွေးမြူရေးကန်တွေလည်း ကျိုးပေါက်သွားလို့ မွေးမြူထားတဲ့ ပုစွန်တွေ အပြင်ကို ထွက်ကုန်တဲ့အတွက် ဆုံးရှုံးနစ်နာသူတွေ များပြားတယ်။”

မုန်တိုင်းကြောင့် ဒီရေမြင့်တက်လို့ ကန်သင်းရိုးတွေကို ဆားငန်ရေတွေ ကျော်ပြီး ဝင်ရောက်ခဲ့တဲ့အတွက် လယ်သမားအများအပြား စပါးခင်းတွေပျက်စီးကာ နစ်နာဆုံးရှုံးခဲ့ကြရတယ်လို့ မြေပုံမြို့နယ် ဒေသခံလယ်သမားတယောက်က ပြောပါတယ်။

“ဒီရေမြင့်တက်တာဟာ အရင်နှစ်တွေနဲ့မတူဘဲ ၇ ပေလောက်ကနေ ၈ ပေအထိ မြင့်တက်တာကြောင့် အိမ်အောက်တွေပါ ရေနစ်မြုပ်ခဲ့တယ်။ ပုစွန်မွေးမြူရေးကန်တွေလည်း ကျိုးပေါက်သွားလို့ လုပ်ငန်းရှင်အများအပြား ဆုံးရှုံးနစ်နာခဲ့ကြတယ်။ တခြားစပါးမျိုးတွေကို စိုက်ပျိုးရင် စျေးကောင်းမရလို့ ပေါ်ဆန်းမွှေးနဲ့ ကောက်လျင်မျိုးကိုသာ စိုက်ပျိုးထားပေမဲ့ ဆားငန်ရေဝင်ရောက်ပြီး ပျက်စီးခဲ့တယ်။ လုပ်သားငှားရမ်းရာမှာလည်း အမျိုးသားတယောက်ကို နေ့တွက် ၁၀,၀၀၀ ကျပ်၊ အမျိုးသမီးတယောက်ကို ၆,၀၀၀ ကျပ်နဲ့ ငှားပြီး လုပ်ကိုင်ကြရတာ။”

ဓာတ်မြေသြဇာဈေးနှုန်းကလည်း အရင်နှစ်က ၇၀,၀၀၀ ကျပ်လောက်ထိသာ မြင့်တက်ခဲ့ပေမဲ့ အခုနှစ်မှာတော့ ၁ သိန်းခွဲကျပ်နဲ့အထက် ဝယ်ယူခဲ့ကြရလို့ လယ်သမားတွေအနေနဲ့ ကုန်ကျစရိတ် များပြားပြီး ရာသီဥတုဒဏ်ကြောင့် ဆုံးရှုံးမှုတွေ များပြားခဲ့တယ်လို့ ဆိုပါတယ်။

စီတရန်မုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ လယ်မြေတွေနဲ့ ပုစွန်ကန်တွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့သလို နေအိမ်အတွင်း ဒီရေဝင်ရောက်တာတွေ၊ အိမ်တွေ အမိုးလန် ပျက်စီးတာတွေနဲ့ စက်လှေ နစ်မြုပ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024