DVB Logo
Home
မြန်မာသတင်း
အရာတော်တွင် သံချပ်ကာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပုလဲ ပအဖရုံးကို စစ်တပ်စီးနင်းပြီး သုံ့ပန်းများကို ပြန်ခေါ်သွား
DVB
·
October 26, 2022
အရာတော်တွင် သံချပ်ကာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပုလဲ ပအဖရုံးကို စစ်တပ်စီးနင်းပြီး သုံ့ပန်းများကို ပြန်ခေါ်သွား
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ မုံရွာ-အရာတော်ကားလမ်းမှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကား နှစ်စီးနဲ့  အိမ်စီးမတ်တူးကား တစီးကို ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ရာမှာ စစ်သား သုံး ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၆ နာရီလောက်က မုံရွာကနေ အရာတော်ဘက် ထွက်ခွာလာတဲ့ အဲဒီစစ်ယာဉ်တန်းကို ပဒေသာမိုင်း ၆ လုံးဖောက်ခွဲကာ ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ Black Dragon Special Task Force အဖွဲ့ဝင်တယောက်က “မုံရွာနဲ့ အရာတော်အကြားမှာ ကင်းပုန်းတွေ၊ လုံခြုံရေးပွိုင့်တွေလုပ်ပြီး မနေ့က ဒီကောင်တွေ ခြေရှုပ်နေကြတာ။ အကောင်ကြီးကြီးပိုင်း လာဖို့ အစီအစဉ်ရှိလို့လားတော့ မသိဘူး။ အဲဒီအခြေအနေမှာ ပဒေသာမိုင်း ၆ လုံးသုံးတယ်။ ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ ကနဦး  သုံး ယောက်သေတယ်လို့ သိထားတယ်။ ဒဏ်ရာရတဲ့ ကောင်တွေလည်း များတယ်” လို့ ပြောပါတယ်။

အဲဒီမနက်ပိုင်းက မုံရွာမြို့နယ် ကျောက္ကာကျေးရွာအနီးက စတင်ကာ အရာတော်မြို့ သွားရာလမ်းတလျှောက် စစ်ကောင်စီတပ်ဖွဲ့က နေရာယူထားတာတွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၈ ရက်ကလည်း မုံရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရိက္ခာတင်ကား တစီးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်လုပ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာ လမ်းပိုင်းမှာ အောက်တိုဘာ ၂၅ ရက်က စစ်ကောင်စီကားတစီးကို ‌မိုင်းထောင်‌ဖောက်ခွဲခဲ့ပြီး စစ်ကောင်စီအရာရှိတယောက်နဲ့ ရဲဘော် နှစ်ယောက် သေဆုံးတယ်လို့ God Of Monywa People Defence Force - GPDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ ရိက္ခာပို့ကားဟာ အရာတော်-မုံရွာလမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရိက္ခာလာပို့တဲ့ကား ဖြစ်တယ်လို့လည်း သိရပါတယ်။

“မိုင်းက MR2 အိမ်စီးကားကို မနေ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ကားထဲမှာက စခ ငါး ဦးပါတယ်။ သူတို့က ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းထဲ တည့်တည့်တိုးလာလို့ အခုလို တိုက်ခိုက်ခဲ့တာဗျ။ မိုင်းက လေးလုံးဆွဲခဲ့တာ။ အဲလိုမိုင်းဆွဲပြီး တခြားနေရာကနေ ကင်းပုန်းဝပ်နေတဲ့ စခတွေက နောက်ကလိုက်ပစ်တာတွေလုပ်လို့ ထွက်ပြေးခဲ့ရတယ်။ အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်တာကို အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု တပ်ရင်း-၁၊ တပ်ခွဲ-၃၊ God Of Monywa People Defence Force - GPDF နဲ့ သပြေညို ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံးကို စစ်ကောင်စီတပ်က အောက်‌တိုဘာ ၂၅ ရက်‌‌မှာ ရဟတ်ယာဉ်နဲ့ လာရောက်ပြီး   ဝင်‌‌ရောက်‌စီးနင်းခဲ့တယ်‌လို့ သိရပါတယ်‌။

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “မနေ့ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ် လေကြောင်းကနေလာပြီး ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးရုံးကို ဝင်စီးနင်းတယ်။ သူတို့ပြန်ပြီးဖမ်းသွားတဲ့သူတွေက ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပျူစောထီးတွေပါမယ်၊ သုံ့ပန်းတချို့၊ ခိုးဆိုးလုယက် တရားခံတွေ။ ကျနော်တို့ အထိအခိုက်မရှိဘဲ ရှောင်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီလောက်မှာ Mi 35 နှစ်စင်းနဲ့ အင်အားအများအပြားချပြီး ဝင်‌‌ရောက်‌စီးနင်းခဲ့ကာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ပျူစောထီးနဲ့ စစ်သုံ့ပန်းအရေအတွက်မှာ ၁၂ ယောက်ထက်မနည်း ရှိခဲ့တယ်‌လို့ ပြည်သူ့အုပ်‌ချုပ်‌‌ရေးအဖွဲ့ဝင်တယောက်က‌ ပြောပါတယ်‌။

စစ်‌‌ကောင်‌စီပြန်ကြားရေးကတော့  PDF‌ တွေ ဖမ်းဆီးသွားတဲ့ တပ်မတော် အရာရှိတစ်ယောက်ရဲ့ ဇနီးအပါအဝင် နိုင်ငံဝန်ထမ်းတွေနဲ့ ရွာသူရွာသား ၂၆ ယောက်ကို ကွန်မန်ဒိုတပ်ဖွဲ့တွေ စေလွှတ်ပြီး သွားရောက် ကယ်‌ထုတ်‌ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013