DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းသွားပြီး သတင်းထောက်များ သတင်းယူရန် ပိုမိုခက်ခဲလာ
DVB
·
October 26, 2022
မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းသွားပြီး သတင်းထောက်များ သတင်းယူရန် ပိုမိုခက်ခဲလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းလွတ်လပ်ခွင့်ဆိတ်သုဉ်းသွားပြီး သတင်းမှန် ရေးသားထုတ်လွှင့်နေတဲ့ မီဒီယာတိုက်တွေရဲ့ သတင်းထောက်တွေကို စစ်ကောင်စီက အဓိကပစ်မှတ်ထား ဖမ်းဆီးလာတာကြောင့် သတင်းထောက်တွေ သတင်းယူဖို့ ပိုမိုခက်ခဲလာနေပါတယ်။

အရပ်သားအစိုးရအုပ်ချုပ်တဲ့ ကာလတွေမှာ သတင်းထောက်တွေဟာ သတင်းအရင်းအမြစ်တွေရှိရာ နေရာတွေကို ကိုယ်တိုင် သတင်းသွားယူနိုင်ပြီး မိမိတို့ဌာနတွေမှာ သတင်းလုပ်ငန်းတွေကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြပေမဲ့ အခုအချိန်မှာ စစ်တပ်က လွတ်လပ်စွာ သတင်းလုပ်ကိုင်ခွင့်တွေ ပိတ်ပင်လိုက်တာကြောင့် သတင်းထောက်တွေဟာ အဘက်ဘက်က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  သတင်းသမားတွေက ပြောပါတယ်။

ပြည်တွင်းသတင်းထောက်တယောက်က “သတင်းယူဖို့အတွက် လိုအပ်တာထက် အချိန်ပိုပေးရတယ်။ သတင်းရင်းမြစ် မှန်၊ မမှန်ကို စုံစမ်းစစ်ဆေးရတာပေါ့နော်။ အဲ့ဒါ အွန်လိုင်းကနေ အများဆုံးပြုလုပ်ရတာမို့လို့ အမှားများနိုင်တဲ့အတွက် အဲ့ဒီအပိုင်းတွေက မခက်ခဲသင့်ဘဲ ခက်ခဲရတယ်။ ကိုယ်က ပြည်တွင်းမှာရှိနေတယ် ဆိုပေမဲ့လည်း အရင်ကလို သတင်းကို လွတ်လွတ်လပ်လပ်ယူခွင့် မရှိတော့ဘူး။ နောက်တခုက အပြင်ကိုထွက်မယ်ဆို စစ်ကောင်စီနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်တိမ်းရတယ်။ ထိပ်တိုက်တွေ့တဲ့နေ့တွေမှာလည်း ကိုယ့်ဆီမှာရှိတဲ့ အချက်အလက်တွေ အဓိကအားဖြင့် ဖုန်းထဲမှာရှိတာတွေကို ဖွက်ရတာရှိတယ်။ ရုတ်တရက် သိမ်းဆည်းလိုက်ရတာ၊ ဖျက်ပစ်လိုက်ရတာ အဲ့လိုပုံစံလေးတွေရှိတယ်။ ဒီလိုပုံစံနဲ့ သတင်းယူနေရတာဟာ တကယ်ကို ကြီးမားတဲ့အခက်အခဲပါပဲ” လို့ ပြောပါတယ်။

ဒီလို သတင်းတိကျမှန်ကန်မှုနဲ့ သတင်းမှတ်တမ်းရယူနိုင်ဖို့ ခက်ခဲတဲ့ကာလမှာ သတင်းထောက်တွေ သတင်းယူနေရတဲ့ အခြေအနေကိုလည်း ဝါရင့် သတင်းစာဆရာတယောက်က သုံးသပ်ပြောပါတယ်။

“ခါတိုင်းလိုမျိုး ဖြစ်တဲ့နေရာကို သတင်းသွားယူဖို့ မလွယ်တော့ဘူး။ အဖြစ်အပျက်နေရာကို သွားရင်တောင် သာမန်အရပ်သားတယောက်ရဲ့ ပုံမျိုးနဲ့ သွားပြီးတော့ လေ့လာကြည့်ရှုရမယ်၊ အကဲခတ်ရမယ့်သဘောမျိုး ဖြစ်တယ်။ ဓာတ်ပုံရိုက်ဖို့ကတော့ ပိုခက်ခဲတယ်။ ဖုန်းနဲ့ရိုက်တဲ့ဟာမျိုး ခိုးပြီးရိုက်ရတဲ့ အနေအထားတွေ ဖြစ်လာတာပေါ့။ နောက်တခုက သက်ဆိုင်တဲ့သူတွေ အာဏာပိုင်လည်း ဖြစ်နိုင်တာပေါ့၊ ဂတ်လည်းဖြစ်နိုင်တယ်၊ ရဲလည်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲ့လိုသူတွေမေးဖို့ဆိုတာ အန္တရာယ်အလွန်များတဲ့ကိစ္စမို့ အဲ့လိုသူတွေကို မေးမြန်းဖို့က မဖြစ်နိုင်သလောက်ပဲပေါ့နော်။ ခြွင်းချက်အားဖြင့် တချို့သတင်းဌာနတွေ သူတို့ရဲ့ သတင်းအယ်ဒီတာမူဝါဒပေါ်မှာ မူတည်ပြီး မေးမြန်းလို့ရတဲ့ဟာတွေရှိတယ်။ ဒါလည်း အနည်းစုပါပဲ။”

လတ်တလော ကျိုက်ထီးရိုးဘုရားဖူးတွေကို  ပစ်ခတ်မှုသတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဘီဘီစီနဲ့ ဧရာဝတီသတင်းဌာနတွေကို တရားစွဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တဖက်မှာတော့ တပ်ထောက်ခံသူတွေနဲ့ မဘသ အမည်ခံတွေကို စစ်ကောင်စီက ငွေကြေးထောက်ပံ့ပေးပြီး ဝါဒဖြန့်မီဒီယာတွေ အများအပြား ထူထောင်ခွင့်ပေးထားကာ သတင်းစာရှင်းလင်းပွဲတွေမှာလည်း စစ်ကောင်စီပြောခွင့်ရသူနဲ့ အမေးအဖြေတွေ ကြိုတင်ဇာတ်တိုက်ပြီး ပြောကြားလေ့ရှိပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ တနှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ ပိတ်သိမ်းခံရတဲ့ သတင်းမီဒီယာဌာန  တဒါဇင်နီးပါးရှိလာပြီး သတင်းသမား  အနည်းဆုံး ၂ ယောက် သေဆုံးခဲ့ကာ ၁၃၅ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ တချို့ပြန်လွတ်လာကြပေမဲ့ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၆၇ ယောက် ကျန်ရှိနေသေးတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) စာရင်းအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ  သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ ဒုတိယအဆိုးဝါးဆုံးနိုင်ငံ ဖြစ်တယ်လို့လည်း အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013