လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ လောပန်းသူဌေးတွေနဲ့ ကေအိုင်အေ အရာရှိတွေရဲ့ မြစ်ကြီးနားရှိ နေအိမ်တွေကို အောက်တိုဘာ ၂၅ ရက်ကစပြီး စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေနဲ့ နီးစပ်သူတယောက်က “အနန့်ပါမှာ သေဆုံးသွားတဲ့ အရာရှိတွေရဲ့ နေအိမ်တွေကို မနေ့ညကတည်းက ရှာဖွေ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
သေဆုံးသူတယောက်ရဲ့ အသိမိတ်ဆွေက “သေဆုံးသွားတဲ့ လောပန်းတွေရဲ့ အိမ်နီးနားတွေမှာလည်း ဝဲနေကြတယ်။ မိသားစုဝင်တွေက စိုးရိမ်ထိတ်လန့်ပြီး ငိုယိုနေရတယ်” လို့ ပြောပါတယ်။
အဲဒီလို စစ်ဆေးနေတာကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး တချို့မိသားစုတွေကတော့ အိမ်စောင့်ထားပြီး တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသွားသူတွေရဲ့ မိသားစု ဆွေမျိုးတွေကို အသုဘအတွက် မဏ္ဍပ်လည်း မဆောက်ခိုင်းသလို ဘာသာရေးအရ ဆုတောင်းဝတ်ပြုတာတွေလည်း ခွင့်မပြုဘူးလို့ ဆိုပါတယ်။
“မဏ္ဍပ်ဆောက်၊ လူစုရင် အကုန်ဖမ်းမယ်လို့ ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် သေဆုံး၊ ဒဏ်ရာရသူတွေ သယ်ဆောင်လာရင် ဖမ်းဆီးဖို့ အနန့်ပါကနေထွက်တဲ့ ဂိတ်တွေကိုလည်း ပိတ်ထားပြီး သွားခွင့်ရတဲ့သူတွေနဲ့ ယာဉ်ကြီး ယာဉ်ငယ်တွေကိုလည်း အသေးစိတ် စစ်ဆေးနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဖားကန့်လမ်း နမ့်ယာဂိတ်ကို ၃ ရက်ပိတ်မယ်လို့ ကြားတယ်။ သေဆုံး၊ ဒဏ်ရာရသူတွေကို အနန့်ပါကနေ သယ်မဆင်းလာခိုင်းဘူး။ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေကို အလောင်းမီးရှို့ဖို့နဲ့ မြှုပ်နှံဖို့ ၂ ဦးစီ သွားခွင့်ပေးတယ်။ ကံဆီးဂိတ်ကနေ အနန့်ပါကို တက်လာသူတွေကို ၂ ဦးစီ တက်သွားလို့ရတယ်။ သေဆုံးသူတွေရော ဒဏ်ရာရသူတွေကိုရော လုံးဝ မဆင်းခိုင်းဘူး။”
ဒဏ်ရာရသူတွေကို တောလမ်းကနေ သယ်ယူမှာစိုးလို့ နမ့်ယာဂိတ်ကို ခဏပိတ်မယ်လို့ ကြားတဲ့အကြောင်းနဲ့ ၂၁ မိုင်ဂိတ်၊ မြစ်ကြီးနားအဝင် နမ့်အွယ်ခဂိတ်၊ မနမ်ကထောင်ဂိတ်၊ နမ့်ယာဂိတ်၊ နမ့်တိန်ဂိတ်တွေမှာ ကား၊ ဆိုင်ကယ်၊ ယာဉ်အကြီးအသေး အားလုံး စစ်ဆေးနေတယ်လို့ အမည်မဖော်လိုသူ ဒေသခံတယောက်က ပြောပါတယ်။
“ဘယ်လောက်ပဲသေသေ ကေအိုင်အေ သူပုန်အားပေးသူတွေ အဲလိုပဲ သေရမယ်ဆိုပြီး ဒဏ်ရာရသူတွေ သွေးဘယ်လောက်ပဲ ထွက်နေထွက်နေ အနန့်ပါကနေ ကံဆီး ဆိုင်းရာ ဂိတ်ကို မဖြတ်ခိုင်းဘူးပဲ။”
လက်ရှိရရှိထားတဲ့ စာရင်းအရ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိပြီ ဖြစ်ပြီး ဒဏ်ရာရသူတွေက ၉၀ ကျော်လောက်ရှိကာ စုစုပေါင်း သေဆုံးသူနဲ့ ဒဏ်ရာရသူ အားလုံးပေါင်းရင် ၂၀၀ ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။
အနန့်ပါမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ညက ၆၂ နှစ်မြောက် ကေအိုင်အို အထိမ်းအမှတ် အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်ကလည်း ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းကို စစ်တပ်က လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တာကြောင့် ရခိုင်၊ တအာင်းပလောင် ဗိုလ်လောင်းတွေ အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။