
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်၊ ကရပူရီမြို့နယ်ထဲမှာ မြန်မာဘက်ကို တရားမဝင် တင်ပို့မယ့် ဆိုင်ကယ် ၂၄ စီးကို မြန်မာအပါအဝင် တရားခံ ၈ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရနောင်းခရိုင်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီမတိုင်ခင် အောက်တိုဘာ ၁၇ ရက်က ထိုင်းလူငယ် နိုင်းကရစ်ဖုန်းကို မသင်္ကာဖွယ်ဆိုင်ကယ် ၂ စီး၊ စိတ်ကြွဆေး ၃၄ လုံးနဲ့အတူ ကရပူရီမြို့နယ် နမ့်ကျစ်ရပ်ကွက်ရှိ Resort တစ်ခုထဲမှာ အရင်ဖမ်းဆီးရမိခဲ့ပါတယ်။
သူ့ရဲ့ဖွင့်ဟဝန်ခံချက်အရ အဆိုပါဆိုင်ကယ်တွေကို မြန်မာဘက်ခြမ်းပို့ဖို့ တောလမ်းလှေဆိပ်ကို မောင်းပို့ပေးရမှာဖြစ်ပြီး ပို့ခ ၁ စီးလျှင် ဘတ် ၅၀၀ နဲ့ အိမ်မှာထိန်းသိမ်းခ ၁ စီးလျှင် ၅၀၀ ရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ကွင်းဆက်တွေ ဆက်လက်ထုတ်ဖော်ရာ အောက်တိုဘာ ၁၉ ရက်က မြန်မာပြည်ပို့မယ့် နောက်ထပ် ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ကယ်တင်ဆောင်လာတဲ့ ကား ၁ စီး ဖမ်းမိပါတယ်။
အဲဒီနောက် အချိန်းအချက်လုပ်ထားတဲ့ တောလမ်းလှေဆိပ်မှာ ဆိုင်ကယ်သွားပို့သူ အသွင်ယူပြီး စောင့်ဆိုင်းဖမ်းဆီးခဲ့သလို နေရာအသီးသီးမှာ ခေတ္တသိမ်းထားတဲ့ ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးခဲ့ရာမှာ စုစုပေါင်း ဆိုင်ကယ် ၂၄ စီး၊ ဆိုင်ကယ်လာပို့တဲ့ ဟိုင်းလပ်ကား ၁ စီး၊ လှေဆိပ်မှာ လာကြိုတဲ့ စက်လှေ ၁ စီးတို့ကို ထိုင်း ၇ ဦးနဲ့ မြန်မာ ၁ ဦးနဲ့ အတူ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းရဲက ပြောပါတယ်။
ဖမ်းမိသူအများစုကတော့ အငှားမောင်းပို့ပေးသူတွေသာဖြစ်တယ်လို့ ပြောပြီး အသစ်စက်စက် ဆိုင်ကယ်တွေကို ဆမ်ဒုန်းမွန်းပစ္စည်းပို့ဆောင်ရေးကုမ္ပဏီကနေ သယ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
တရားမဝင်ဆိုင်ကယ်တင်ပို့မယ့် အဓိကတရားခံကို ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့ ရနောင်းခရိုင်ရဲမှူး ချိတ်ဖုန်း ချူးပရီချားက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
Source - ရနောင်းဒေသတွင်းသတင်း