ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေ၊ ကချင်တိုင်းရင်းသားပြည်သူတွေနဲ့ ထပ်တူဝမ်းနည်း ကြေကွဲရကြောင်းနဲ့ ပြည်သူလူထုကို အင်အားအလွန်အကျွံသုံး အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှား၊ အရေးယူဖို့ အန်အယ်လ်ဒီက တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၃ ရက်ညက ဖားကန့်မြို့နယ် အနန့်ပါမှာ ကျင်းပတဲ့ “KIO နေ့ အထိမ်းအမှတ် “တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကချင်အနုပညာရှင်တွေ၊ ကေအိုင်အေအရာရှိနဲ့ စစ်သည်တွေနဲ့ ပြည်သူတွေ အပါအဝင် အနည်းဆုံး ၆၀ ထက်မနည်း သေဆုံးခဲ့ကာ ရာနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့တာပါ။
တေးဂီတ ဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ (အန်အယ်လ်ဒီ)က အောက်တိုဘာ ၂၅ ရက်မှာ သဘောထား ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာလည်း ကလေးငယ်တွေကို စစ်တပ်ကပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာ ထင်ရှားတဲ့အကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်တဲ့ စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ် ကျူးလွန်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ဒေသအသီးသီးရှိ လေကြောင်းတိုက်ခိုက်ခံရမှုတွေနဲ့ မီးရှို့ဖျက်ဆီးခံရမှုတွေအတွက် နစ်နာတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ဆုံးရှုံး နာကျင်ရမှုတွေအတွက် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်းနဲ့ ကျူးလွန်သူအကြမ်းဖက်စစ်ကောင်စီအား အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ အန်အယ်လ်ဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းအားထုတ်နေတဲ့ တိုင်းရင်းသား၊ ပြည်သူလူထုတွေကို အင်အားအလွန်အကျွံသုံး အကြမ်းဖက်သတ်ဖြတ်မှုတွေ နေ့စဥ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှား၊ အရေးယူနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကမ္ဘာခေါင်းဆောင်တွေအနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းကူညီ ဆောင်ရွက်ပေးဖို့ အန်အယ်လ်ဒီက တိုက်တွန်းထားပါတယ်။