
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဦးပွါးခုံးကျော် အနောက်ဘက်အဆင်းရှိ တပတ်ရစ်ဖုန်းအဟောင်းအရောင်းဆိုင်တဆိုင်မှာ အောက်တိုဘာ ၂၅ ရက် နေ့ခင်းပိုင်းက ဓားပြတိုက်ခံခဲ့ရပါတယ်။
အမည်မသိ လူ ၉ ယောက်လောက် တုတ်၊ ဓား လက်နက်တွေနဲ့ ရောက်လာပြီး ငွေကျပ်သိန်း ၇၀၀ တန်ဖိုးရှိ ဖုန်း အလုံး ၁၀၀ ကျော်ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။
“မိုးရွာတုန်းဖြစ်သွားတာ အကုန် ဓားတွေရောပါတယ်။ ဆိုင်က ကလေးတယောက် မျက်နှာ လက်သီးနဲ့ တချက်အထိုးခံလိုက်ရတယ်။ မိုးရွာနေတော့ ဘာမှမမြင်လိုက်ရဘူး” လို့ ဓားပြတိုက်ခံခဲ့ရတဲ့ ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ၆၉ လမ်း ၃၈ လမ်းနဲ့ ၃၉ လမ်းက ဖုန်းဆိုင်တခုမှာလည်း သေနတ်အတုနဲ့ ဓားပြလာတိုက်ရာ ပတ်ဝန်းကျင်က သေနတ်အတုမှန်း သိရှိပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တခုဖြစ်ခဲ့ပါတယ်။