
ရွှေပြည်သာနဲ့ မှော်ဘီမြို့နယ်မှာ အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွှေပြည်သာမြို့နယ် ၁၅ ရပ် ရပ်ကွက်၊ မှော်ဘီပတ်လမ်းနဲ့ ဗိုလ်တိုက်ချွန်းလမ်းထောင့်မှာ ဒီကနေ့ ညနေသုံးနာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“အမှိုက်ပုံမှာ ဗုံးတွေ့ပြီး အကြောင်းကြားလိုက်လို့ စစ်တပ်က လာပြီး ကားတာယာတွေခံပြီး ဗုံးခွဲသွားတာပါ။ အဲ့ဒီဗုံးတွေ့တဲ့အနီးပတ်ဝန်းကျင်ကိုလည်း စစ်ဆေးသွားတယ်။ မနေ့ကလည်း ပစ်တာခတ်တာတွေ၊ ဗုံးပေါက်တာတွေရှိတော့ စစ်တပ်က စောင့်ကြည့်နေတာ။”
မှော်ဘီမြို့နယ် ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်မှာရှိတဲ့ သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာလည်း ဒီကနေ့ ညနေသုံးနာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ရုံးရှေ့မှာ ပေါက်တာဆိုတော့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်။ လူနာတင်ကားတွေ သွားတာ တွေ့တယ်၊ သွားကြည့်လို့မရဘူး၊ စစ်တပ်နယ်မြေဆိုတော့ ဖြစ်တာနဲ့ချက်ချင်းရောက်လာတာ။"
ဗုံးပေါက်ကွဲပြီးနောက် ရန်ကုန်-ပြည်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရရှိသူရှိတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရသာ သိရပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မနေ့ကလည်း ရွှေပြည်သာမြို့နယ် ၂၇ ရပ်ကွက်နဲ့ ၇ ရပ်ကွက်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးဇနီး ဖြစ်သူ သေဆုံးကာ အုပ်ချုပ်ရေးမှုးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၃၂ ကြိမ်ဖြစ်ခဲ့ပြီး ၁၉ ဦး သေဆုံးကာ ၃၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။