DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးနှင့် ယန္တရားအားလုံးမှ ချန်လှပ်ထားရန်၊ အရပ်ဘက်အဖွဲ့ ၄၅၀ ကျော် တောင်းဆို
DVB
·
October 25, 2022
စစ်အုပ်စုကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးနှင့် ယန္တရားအားလုံးမှ ချန်လှပ်ထားရန်၊ အရပ်ဘက်အဖွဲ့ ၄၅၀ ကျော် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အဆုံးသတ်နိုင်ရေးအတွက် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်လုပ်ဆောင်ဖို့နဲ့ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေးနဲ့ ယန္တရားတွေအားလုံးကနေ ချန်လှပ်ထားဖို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့က အာဆီယံကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ရက်စွဲနဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ထုတ်ပြန်ချက်မှာတော့ အာဆီယံဟာ မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အလုပ်မဖြစ်တော့တဲ့ ဘုံသဘောတူညီချက်ငါးရပ် (5PC) အစား သေချာခိုင်မာတဲ့ လုပ်ငန်းအစီအစဥ် တရပ်နဲ့ အစားထိုးရမယ်ဆိုပြီးတော့ အာဆီယံခေါင်းဆောင်တွေဆီ တောင်းဆိုလိုက်တာပါ။

အာဆီယံအနေနဲ့ ထိပ်သီးအစည်းအဝေးတွေ၊ တခြားအစည်းအဝေးတွေအားလုံးမှာ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေ၊ နိုင်ငံရေးနဲ့ မဆက်စပ်တဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာတွေကို ရပ်တန့် ပြီးတော့ အဲဒီအစား အရပ်ဘက်လူထုအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ တိုင်ပင်ဆွေးနွေးတာတွေ ပံ့ပိုးတာတွေကို လုပ်ဆောင်ရမယ်လို့လည်း အရပ်ဘက်လူထုအဖွဲ့အစည်းတွေက ပြော ပါတယ်။

ရှေ့ပြေးအသံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက “စစ်အုပ်စုက ကျူးလွန်နေတဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်နိုင်ဖို့ အင်ဒိုနီးရှားရဲ့ အာဆီယံဥက္ကဋ္ဌရာထူးနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုဟာ အာဆီယံမှာ အဓိက မောင်းနှင်အားတစ်ခုဖြစ်လာမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုအပေါ် အာဆီယံရဲ့ လက်ရှိချဥ်းကပ်ပုံကြောင့် ဖြစ်ခဲ့ရတဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို နောက်ကြောင်းပြန်လှည့်ဖို့အတွက် အရေးပါတဲ့ လုပ်ငန်းစဥ်တွေကို ရှေ့လျှောက်မှာ အာဆီယံက လုပ်ဆောင်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ အာဆီယံဟာ အရပ်ဘက်လူထုအဖွဲ့အစည်းတွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့နဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေအပေါ် အခြေခံပြီး ရှင်းလင်းပြတ်သားတဲ့ စံသတ်မှတ်ချက်တွေပါတဲ့ လုပ်ငန်းအစီအစဥ် အသစ်တစ်ရပ်ကို အရေးပေါ် ချမှတ်ရတော့မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ အာဆီယံအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ပြင်ဆင်ကာ အာဆီယံဥက္ကဋ္ဌကနေ အထူးသံတမန်ကို သုံးနှစ်သက်တမ်းတစ်ခါနဲ့ ရွေးချယ်ခန့်အပ်တာနဲ့အတူ အထူးသံတမန်ရဲ့ သတ်မှတ်တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ရှင်းရှင်းလင်းလင်း ချမှတ်ထားဖို့ တောင်းဆိုထားတာပါ။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင် ကာဆစ်ပီရွန်ညာကတော့ “လူ့အခွင့်အရေးအခြေခံမူတွေကို လိုက်နာဖို့အတွက် အာဆီယံအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြန်လည်ပြင်ဆင်ရမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့အရေးဟာ သူ့တို့ရဲ့ တစ်ခုတည်းသော လုပ်ငန်းရည်မှန်းချက်အဖြစ် ထားရှိရမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ ဥက္ကဋ္ဌရာထူးအောက်မှာ အထူးသံတမန်ဟာ အရပ်ဘက်လူထု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရတို့နဲ့ ချက်ချင်း ထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းဟာ ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်။ နောက်ထပ် ဒေသတွင်းမတည်ငြိမ်မှု ဖြစ်စေမယ့်အရာတွေကို တားဆီးဖို့အတွက် အာဆီယံဟာ စစ်အုပ်စုရဲ့ ရာ ဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ရုန်းကန်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီသင့်ပါတယ်” လို့ ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အထူးအစည်းအဝေးတရပ်ကို  လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပသွားဖို့ ရှိနေပြီး အာဆီယံထိပ်သီးအစည်းအဝေးကိုလည်း နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်အထိ ကျင်းပသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အဖြေရှာရာမှာ  ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမရှိပေမဲ့  မြန်မာအရေးအတွက်ဆောင်ရွက်ရာမှာ ဒေသတွင်းမှာရော နိုင်ငံတကာ အသိုက်အဝန်းမှာပါ  ဦးဆောင် နေဆဲ ဖြစ်ပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်ပေးကွပ်မျက်ပစ်တာ၊ ကလေးငယ်တွေအပါအဝင် အရပ်သားတွေသေဆုံးခဲ့ရတဲ့ လေကြောင်းကနေ စာသင်ကျောင်းကို ပစ်ခတ်တိုက်ခိုက်တာလို  မြန်မာစစ်ကောင်စီရဲ့ စဉ်ဆက်မပြတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာတော့ အာဆီယံက စိတ်ပျက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ အာဆီယံအဖွဲ့ဝင်တွေနဲ့အတူ မင်းအောင်လှိုင်ပါဝင် ဆွေးနွေးသဘောတူညီခဲ့တဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေး အပ်ရေးနဲ့ အာဏာသိမ်းမှုဆန့်ကျင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား ဆွေးနွေးညှိနှိုင်းရေးစတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ဟာလည်း အခုအချိန်အထိ တခုမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာမရှိသေးပါဘူး။လာမယ့်လမှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်ဆောင် မင်းအောင်လှိုင်ကို ဒီနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်ကလို ဖိတ်ကြားသွားဖို့မရှိဘူးလို့ သိရပါတယ်။ အဲဒါအပြင် မြန်မာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဩဂုတ်လတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွေမှာ ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့  အာဆီယံအဖွဲ့ရဲ့ တခြားအစည်းအဝေးတွေမှာတော့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ  ဌာနဆိုင်ရာအကြီးအကဲတွေအပြင်  စစ်ဘက်အရာရှိတွေကိုပါ အစည်းအဝေးမှာ ပါဝင်တက်ရောက်ခွင့် ပြုနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013