DVB Logo
Home
မြန်မာသတင်း
ဖားကန့် လေကြောင်းတိုက်ခိုက်မှု ရက်စက်ယုတ်မာသည့် စစ်ရာဇဝတ်မှုမြောက်ဟု မြန်မာသံအမတ်ကြီး ကုလသမဂ္ဂတွင် တင်ပြ
DVB
·
October 25, 2022
ဖားကန့် လေကြောင်းတိုက်ခိုက်မှု ရက်စက်ယုတ်မာသည့် စစ်ရာဇဝတ်မှုမြောက်ဟု မြန်မာသံအမတ်ကြီး ကုလသမဂ္ဂတွင် တင်ပြ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စတိတ်ရှိုးဖျော်ဖြေပွဲကျင်းပနေစဉ်  စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ ဖက်ဆစ်စစ်တပ်ရဲ့ တိုင်းရင်းသား ကချင်လူမျိုးစုအပေါ် ရက်စက် ယုတ်မာတဲ့ကျူးလွန်မှုဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့  မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၄ ရက်က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီမှာ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ဆွေးနွေးရာမှာ  မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသွားတာပါ။ 

ဖားကန့်ဒေသမှာ အပြစ်မဲ့ပြည်သူတွေကို စစ်တပ်က စစ်လေယာဉ်နဲ့ ဆိုးရွားယုတ်မာစွာ ဗုံးကြဲခဲ့လို့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရမှုကို ကုလသမဂ္ဂမှာ အသိပေးပြောကြားခဲ့ပြီး မြန်မာစစ်တပ်သို့ လက်နက်တင်ပို့ရောင်းချမှု ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာသံအမတ်ကြီး ထပ်မံတိုက်တွန်းခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်ညက ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ   ကေအိုင်အို ၆၂ နှစ်ပြည့်နေ့အထိမ်းအမှတ်အကြိုနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပချိန်   စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ ကချင်အနုပညာရှင်တွေ၊ ကေအိုင်အေအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင်  ပြည်သူ ၅၀ ကျော် ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ သတင်းအချက်အလက်နဲ့ နည်းပညာကို သူတို့ အာဏာတည်မြဲရေးအတွက် အသုံးပြုနေတာကို နိုင်ငံတကာအသိုက်အဝန်းနဲ့ နည်းပညာအသိုက်အဝန်းက  တားဆီးပေးဖို့လည်း သံအမတ်ကြီးကပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေကို ဖိနှိပ်ဖို့ သတင်းအချက်အလက်နဲ့ နည်းပညာကို လက်နက်သဖွယ်အသုံးပြုနေမှုကို ကန့်ကွက်ရှုတ်ချပါကြောင်း၊ တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဆိုင်ဘာကဏ္ဍဆိုင်ရာ စံနှုန်းတွေနဲ့ အဆင့်အတန်းတွေဟာ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် ပြိုလဲပျက်ဆီးခဲ့ပါကြောင်း၊ ပြည်သူတွေ အင်တာနက်ကို လွတ်လပ်လုံခြုံစွာအသုံးပြုနိုင်ခွင့် ဆုံးရှုံးခဲ့ရတဲ့အပြင် တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအတွင်းရှိပြည်သူတွေနဲ့ နိုင်ငံပြင်ပရောက် ပြည်သူတွေအပေါ်  ဖုန်း/ ဆက်သွယ်ရေးလိုင်းတွေ ကြားဖြတ်ခိုးယူနားထောင်တာနဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေ  ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရဝန်ကြီးဌာနတွေဟာ စစ်တပ်ထောက်ခံတဲ့ သတင်းပေးတွေ ဝန်ထမ်းတွေရဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုကို စောင့်ကြည့်ထိန်းချုပ်ဖို့ တာဝန်ပေးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ဆိုရှယ်မီဒီယာအပေါ် ရိုးရှင်းစွာ မွေးနေ့ဆုတောင်းခဲ့သူ ဝန်ထမ်းတချို့ကို ဖမ်းဆီးထောင်ချခဲ့ပါကြောင်း၊ စစ်တပ်အား ဆန့်ကျင်တဲ့ ထုတ်ဖော်ပြောကြားမှုအလုံးစုံကို ထိန်းချုပ်ဖယ်ရှားဖို့ လက်ရှိမှာ မြန်မာစစ်တပ်က ပြင်းထန်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးပမ်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ လပေါင်း ၂၀ အတွင်း နိုင်ငံအတွင်းရှိ ပြည်သူတွေအပေါ် အကြိမ် ၂၄၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဟာ လက်နက်နဲ့ ဆက်စပ်နည်းပညာတွေ ဆက်လက်ရရှိနေပါက မြန်မာပြည်သူတွေနဲ့ ကလေးတွေအပေါ် ရက်စက်တဲ့လူမဆန်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေဆက် ကျူးလွန်နေမှာဖြစ်လို့ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်ဖို့ မြန်မာစစ်တပ်သို့ လက်နက်တွေ တင်ပို့ရောင်းချတဲ့ နိုင်ငံတွေ တင်ပို့ရောင်းချမှုကို  ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂမှာ တိုက်တွန်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013