စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းက ဇော်ချောင်းရွာကို အောက်တိုဘာ ၂၄ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေက ပြောပါတယ်။
မီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ ဝက်သဲအင်းရွာက ထွက်လာတဲ့ ခမရ-၃၆၃ ကိုးတောင်ဘို့ အထိုင်တပ်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသား တဦးက “ရွာက အိမ်ခြေ ၁၈၀ ရှိတယ်။ သူတို့ လာပြီဆိုကတည်းက ရွာသားတွေ အကုန်ထွက်ပြေး နေရတယ်။ အရင်တုန်းကလည်း ရွာကို မီးရှို့တယ်။ အခုလည်း မီး ထပ်ရှို့ နေတယ်။ မီးခိုးတွေကို အဝေးကနေ မြင်နေရတယ်။ ရွာထဲက အခုထိ မထွက်သေးလို့ မီးလောင် အရေအတွက်ကို မပြောနိုင်သေးဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှိုမှုကြောင့် ၄ ကြိမ်မြောက်အထိ ရွာရှိ နေအိမ် ၁၃၉ လုံး ဆုံရှုံးခဲ့ပြီး နေအိမ် အလုံး ၄၀ ကျော်ကျန်နေတာကြောင့် အခုထပ်ပြီး မီးရှို့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒေသတွင်းစစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဇော်ချောင်းရွာသားတွေအပြင် အနီးဝန်းကျင်က ဒေသခံရွာသား ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းကလည်း အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ကန့်ဘလူမြိုနယ် ဉာဏ်အင်းကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့သေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။