
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ အောက်တိုဘာ ၂၃ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ရှောင်မိသားစုတစုရဲ့နေရာမှာ ကျရောက်ပြီး တယောက် သေဆုံးကာ ကလေးငယ်အပါအဝင် နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သွားရောက် ကူညီပေးသူ တဦးက ပြောပါတယ်။
သေဆုံးသွားဟာ စစ်ဘေးရှောင်အမျိုးသား တယောက်ဖြစ်ကာ ဒဏ်ရာရသူကတော့ သူ့ရဲ့ ဇနီးနဲ့ အသက် ၈ နှစ်အရွယ်သားငယ်တစ်ယောက်ဖြစ်ပြီး ကလေးငယ်ရဲ့ ဒဏ်ရာက မစိုးရိမ်ရပေမဲ့ အမျိုးသမီးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိ နေပါတယ်။
ဒေသခံက “သေတာ တယောက်။ အမျိုးသား။ ဒဏ်ရာရတာက နှစ်ယောက်။ အဲဒီအမျိုးသားရဲ့ မိန်းမနဲ့ သူ့ရဲ့သားပေါ့။ ကလေးကတော့ သိပ်မစိုးရိမ်ရဘူး။ ပေါင်နားမှာ နည်းနည်း ထိထားတယ်။ သူ့အမေကတော့ နည်းနည်းစိုးရိမ်ရတယ်။”လို့ ပြောပါတယ်။
ကရင်နီ(ကယား)ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေပါတယ်။