
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကေအိုင်အေ တပ်မဟာ-၉ ဗျူဟာမှူးအပါအဝင် ဗိုလ်မှူးအဆင့်အရာရှိတွေနဲ့ တပ်ရင်း-၆က တပ်ရင်းမှူးလည်း သေဆုံးသွားခဲ့ပြီး ပြည်သူ အများအပြားလည်း သေဆုံးသွားခဲ့တယ်လို့ ဒီဗွီဘီက မေးမြန်းခွင့်ရခဲ့တဲ့ ကေအိုင်အေ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိအချိန်ထိ သေဆုံးစာရင်းကို တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ ဗုံးကြဲချခဲ့တဲ့ နေရာမှာ အသားစတွေပြန့်ကျဲနေပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ပြောဖို့ခက်သလို ဒဏ်ရာရတဲ့ သူတွေကိုလည်း အချိန်မီဆေးဝါးမကုသနိုင်တာကြောင့် သေဆုံးတဲ့ အရေအတွက်တွေ ထပ်တိုးလာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေ ထံက သိရပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာ ကျရောက်မယ့် ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့် အထိမ်းအမှတ်အကြိုအနေနဲ့ ကေအိုင်အေ တပ်မဟာ-၉ အနန့်ပါကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင် တေးဂီတ ဖျော်ဖြေပွဲပြုလုပ်ချိန် စစ်ကောင်စီလေတပ်က တိုက်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
လေယာဉ်ပေါ်ကနေ ကြဲချလိုက်တဲ့ဗုံးက ဖျော်ဖြေရေးပွဲရဲ့ အလယ်တည့်တည့်ကို ကျသွားခဲ့တဲ့ အတွက် ကချင်အနုပညာရှင်တွေ၊ ကေအိုင်အေအရာရှိနဲ့ ရဲဘော် အများအပြား သေဆုံးသွားခဲ့သလို ကျောက်ကုန်သည် သူဌေးတွေလည်း သေဆုံးတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။
အနန့်ပါကျေးရွာကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ဖို့ကြိုးစားခဲ့ပေမဲ့ အဲဒီလမ်းမှာ ရှိတဲ့ ဒညင်းကုန်းစစ်တပ်ဂိတ်က ပေးမဖြတ်လို့ ကားတွေ ပိတ်မိနေကြတယ်လို့ အဲဒီကိုသွားရောက်မယ့် ကယ်ဆယ်ရေးအဖွဲ့ တဖွဲ့က စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ကချင်အနုပညာရှင်တွေနဲ့ ကေအိုင်အေအဖွဲ့ဝင်တွေအပါအဝင်ပြည်သူ ၆၀ နီးပါးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပေမဲ့ ဒီဗွီဘီအနေနဲ့ အရေအတွက်အတိအကျကိုသိနိုင်ဖို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်နေပေမယ့် အခုချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။