Home
မြန်မာသတင်း
စီတရန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပေါက်တောမြို့နယ်၌ နေအိမ်အချို့ပျက်စီး၊ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့
DVB
·
October 24, 2022

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အောက်တိုဘာ ၂၄ ရက် ဒီနေ့မနက်က SITRANG(စီတရန်)ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်  ပေါက်တောမြို့နယ်က နေအိမ်တချို့ ပျက်စီးပြီး ပြည်သူတွေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းမှာ စီတရန် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်လို့ နေအိမ်တွေ ပျက်စီးပြီး ပြည်သူတွေ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဆင်တက်မော်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“မုန်တိုင်းဝင်တာက ညကတည်းက ဝင်တာဗျ။ လေကတော်တော်ပြင်းတယ်။ ကျနော်တို့ရွာက ပင်လယ်ကမ်းစပ်မှာဆိုတော့ မုန်းတိုင်ဒဏ်ကို နှစ်စဥ်ခံစားကြရတယ်။ အိမ်ခြေဘယ်လောက်ထိ ထိခိုက်ပျက်စီးတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူး။ ကမ်းနားမှာရှိတဲ့ နေအိမ်တွေ ဆိုင်ခန်းတွေနဲ့ ကမ်းထိန်းနံရံတွေ အားလုံးနီးပါး ပျက်စီးသွားတယ်။”

ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေး သူငယ်တွေ အပါအဝင် ပြည်သူအားလုံးနီးပါးကိုတော့ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ထားရတယ်လို့ ပြောပါတယ်။

အဲဒီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်မှာရှိတဲ့ ငါးဖမ်းစက်လှေတွေ၊ ခရီးသည်တင် ရေယာဥ်တွေ ယာယီရပ်နားထားရပြီး  ရခိုင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ သစ်ပင်ကျိုးကျတာ၊ နေအိမ်တွေ အမိုးလန်ပျက်စီးတာတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း စီတရန်ဟာ မြောက်ဘက်၊ အရှေ့မြောက်ဘက်သို့ ရွေ့လျားနေပြီး ဟိုင်းကြီးကျွန်း၊ သံတွဲမြို့၊ စစ်တွေမြို့၊ အန္ဒိယနိုင်ငံ ဆာဂါကျွန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆောမြို့တွေနားမှာ ဗဟိုပြုနေတယ်လို့ ဒီနေ့မနက် ၇ နာရီမှာ  မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဟာ မြန်မာဘက်ကို ဦးတည်ခြင်းမရှိလို့ အဝါရောင် အဆင့်သတ်မှတ်ထားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024