DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ရွာသား ၄ ဦး ပစ်သတ်ခံရ
DVB
·
October 24, 2022
ရေဖြူမြို့နယ်တွင်  ကျောင်းအုပ်ဆရာမကြီးအပါအဝင် ရွာသား ၄ ဦး ပစ်သတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျခတ္တပင်အင်း ကျေးရွာမှာ အလယ်တန်း ကျောင်းအုပ်ဆရာမကြီး အပါအဝင် ရွာသား ၅ ယောက် အောက်တိုဘာ ၂၂ ရက် ညက နေအိမ်တွေမှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ ၄ ယောက် သေဆုံးသွားပြီး တယောက်က ရေဖြူဆေးရုံမှာ အတွင်းလူနာအနေနဲ့ ကုသနေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

သေဆုံးသွားသူတွေကတော့ ကျခတ္တပင်အင်းရွာ အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိုးဆွေ၊ ခင်ပွန်းဖြစ်သူ ကျောင်းဆရာအငြိမ်းစား ဦးဖိုးခိုင်နဲ့ အသက် ၅၀ ကျော်အရွယ် ဦးဝင်းသိန်း၊ ဒေါ်အောင်ဆန်းမဲတို့လင်မယား ဖြစ်ပါတယ်။

“ဖြစ်သွားတာက ညပိုင်းမှာပါ၊ ရွာသားတွေကမနက်မှသိရတာပါ။ ဈာပနတွေကိုတော့ ဒီနေ့ညနေ( အောက်တိုဘာ ၂၃) ပြုလုပ်ပြီးပြီ” လို့ ရွာသားတဦး ကပြောပါတယ်။ 

အခုပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကို တာဝန်ခံ ထုတ်ပြန်တာမျိုး မတွေ့ရသေးသလို ဘာကြောင့် ပစ်ခတ်သတ်ဖြတ်ရတာလဲဆိုတာလည်း မသိရသေးပါဘူး။

ကျခတ္တပင်အင်းရွာ စာသင်ကျောင်းမှာ ပြီးခဲ့တဲ့ဇွန်လကလည်း မပေါက်ကွဲသေးတဲ့ ဗုံးတွေ့တယ်ဆိုပြီး ကျောင်းပိတ်ခဲ့ရတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

ရေဖြူအနောက်ဘက်ကမ်းဒေသ ဖြစ်တဲ့ ပုဂေါဇွန်း၊ ရလိုင်၊ ကျခတ္တပင်အင်း၊ ဧကနိနဲ့ နဘုလယ်ဒေသကရွာတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်တပ်နဲ့နီးစပ်သူတွေကို စစ်ကောင်စီသတင်းပေးဆိုပြီး သတ်တာမျိုးရှိသလို စစ်ကောင်စီလက်အောက်ခံ စွန်ရဲအဖွဲ့၊ သွေးသောက်အဖွဲ့တွေကလည်း ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်တာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဘယ်အဖွဲ့အစည်းဘက်ကမှ လုပ်ဆောင်တယ်လို့မထုတ်ပြန်ဘဲ အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာကြောင့် ရေဖြူဒေသမှာ စစ်ရေးလှုပ်ရှားမှုနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့က အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ဆက်စပ်မှုမရှိဘူးလို့ စက်တင်ဘာလ ၁၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013