DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြေညာရန် မြန်မာ့အရေး အထူးအကြံပေးကောင်စီ တိုက်တွန်း
DVB
·
October 24, 2022
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြေညာရန် မြန်မာ့အရေး အထူးအကြံပေးကောင်စီ တိုက်တွန်း
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အာဏာရှင်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာဖို့နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလည်း မြန်မာစစ်အာဏာရှင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သာသတ်မှတ်လက်ခံကြဖို့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M)က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက ကျောင်းသားကလေးငယ်တွေနဲ့ ဆရာ၊ဆရာမတွေအပေါ် အာဏာရှင် စစ်ကောင်စီက ရက်ရက်စက်စက် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို အပြစ်ပေး အရေးယူနိုင်ရေးနဲ့ တာဝန်ခံမှုရှိစေရေးအတွက် ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေက အရေးတကြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုတယ်လို့ SAC-M ကပြောလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ကျောင်းဆရာကို မြန်မာစစ်အာဏာရှင်ရဲ့ တပ်ဖွဲ့တွေက ခေါင်းဖြတ်သတ်လိုက်တာဟာ နိုင်ငံတကာဥပဒေအရရော မြန်မာပြည်ဥပဒေအရပါ အကြမ်းဖက်မှု ကျူးလွန်တာဖြစ်တယ်လို့  SAC-M ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေဟာ ကမ်းကုန်အောင်ဆိုးရွားပြီး သူတို့ရဲ့ ကြမ်းကြုတ်မှုဟာ လူမဆန်တဲ့အဆင့်ထိရောက်နေပြီလို့ SAC-M ကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ မာဇူကီဒါရုစမန်ကပြောပါတယ်။

တကယ်လို့သာ အာဆီယံက မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်မျှော်လင့်ချက်ကို အားပေးထောက်ခံတယ်ဆိုရင် စစ်ကောင်စီရဲ့ အဓိပ္ပါယ်မဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့အတွက် အရေးတကြီး ဆောင်ရွက်ဖို့လို့နေပြီလို့ ဒါရုစမန်ကပြောပါတယ်။

“နိုင်ငံတကာရဲ့ အပြစ်ဒဏ်ချမှတ်မှုကို သူတို့ ခံစားရစေရမယ်။ နိုင်ငံတကာဥပဒေတွေအရ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာဖို့လိုတယ်။”

မြန်မာနိုင်ငံသားတွေရဲ့ အသက်ကို ကာကွယ်ပြီး စစ်တပ်ခေါင်းဆောင်တွေကို ပြစ်ဒဏ်ချမှတ်နိုင်ဖို့ တစ်ကမ္ဘာလုံးကနေ မြန်မာစစ်အာဏာရှင်တွေကို လက်နက် ရောင်းချမှုပိတ်ဆို့ တားဆီးရေးဆောင်ရွက်ဖို့နဲ့ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေ ဆောင်ရွက်ဖို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်။

ဒါအပြင် စစ်ကောင်စီက မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှာ တရားစွဲဆိုနိုင်အောင် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အာဆီယံအနေနဲ့လည်း NUGနဲ့ တရားဝင်ဆက်ဆံပြီး အာဆီယံရဲ့ အစည်းအဝေးတွေနဲ့ ညီလာခံတွေမှာ NUG ကိုသာ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် လက်ခံကြဖို့၊ လာမယ့်နိုဝင်ဘာလ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များ ညီလာခံမှာလည်း စစ်ကောင်စီဖန်တီးခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်း အဖြေရှာကြမယ်ဆိုတာ NUG နဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်တွေ ချမှတ်နိုင်အောင် ဆောင်ရွက်ကြဖို့ SAC-M က တိုက်တွန်းပါတယ်။

ကုလသမဂ္ဂရဲ့ အရာရှိတွေ၊ အေဂျင်စီတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုမှု အမျိုးမျိုးကနေ ရှောင်ရှားကြဖို့၊ စစ်ဗိုလ်ချုပ်တွေနဲ့ရော သူတို့ရဲ့ အပေါင်းအပါတွေနဲ့ပါ ဓာတ်ပုံတောင်တွဲမရိုက်ကြဖို့တိုက်တွန်းထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် NUGနဲ့ တော်လှန်ရေးအင်အားစုတွေကိုသာ ဆက်သွယ် ဆောင်ရွက်ကြပါလို့ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း NUG ကရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုသာ အပြည့်အဝအသိအမှတ်ပြုပြီး ညီလာခံတွေ၊ အစည်းအဝေးတွေမှာ ဦးကျော်မိုးထွန်းကိုသာ ဖိတ်ကြားဖို့ကိုလည်း SAC-M က တောင်းဆိုလိုက်ပါတယ်။

၂၀၀၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ICC ရဲ့ ဆုံဖြတ်ချက်အတိုင်း လိုက်နာပါမယ်ဆိုတဲ့ NUG ရဲ့ ကြေညာချက်ကို လက်ခံပြီး အခုလက်ရှိဆောင်ရွက်နေတဲ့ စုံစမ်းစစ်ဆေးရေးတွေကို ပိုမိုကျယ်ပြန့်စွာနဲ့ အလျင်အမြန် ဆောင်ရွက်ဖို့ကိုလည်း SAC-M က ICC ကို တိုက်တွန်းလိုက်ပါတယ်။

Ref-Bernama

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013