ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် သောင်ရင်းမြစ်ကူးတို့ဆိပ်မှာ မြန်မာနိုင်ငံထဲကို တင်သွင်းမယ့် လိင်စိတ်ကြွဆေးပြား အလုံးရေ ၁ သန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
[caption id="attachment_56036" align="alignleft" width="300"] ဓာတ်ပုံ - manager.co.th[/caption]မဲဆောက်မြို့နယ် အကောက်ခွန် အရာရှိ နိုင်းဖုန်းထိပ်ဘိုဆပ် က သတင်းထောက်တွေ ကို ပြောကြားရာမှာ အမှတ် ၄ အထူးစစ်ဆင်ရေးတပ်၊ ရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ မဲဆောက်မြို့မရဲစခန်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး နယ်ခြားဂိတ်တွေ စစ်ဆေးရာမှာ မဲဆောက်မြို့နယ် အမှတ် ၁၆ သောင်ရင်းမြစ် ကူးတို့ဆိပ်မှာ စိတ်နဲ့ အာရုဏ်နိုးထဆေးအပြင်းစား အဆင့် ၁ ဆေးတွေကို မေ ၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲဆောက်ထိုင်းရဲတပ်ဖွဲ့ကို ဒီဗွီဘီက မေးမြန်းရာမှာ ပစ္စည်းတွေဟာ ကုန်တင်ကားကြီးနဲ့ ရောက်လာ တာဖြစ်ကြောင်း ၊ ပစ္စည်းပေးပို့လိုက်သူ နဲ့ လာရောက် လက်ခံမယ့် သူကို ရှာဖွေစုံစမ်းနေတယ် လို့ ဖြေကြားသွားပါတယ်။
အဲဒီဆေးတွေမှာ Ativan , Xanax , Razepam , Frisium နဲ့ Clobazam စတဲ့ ဆေးအမျိုးအစားတွေ ပါဝင်ပြီး စုစုပေါင်း အလုံးရေ ၉ သိန်း ၂ သောင်း ဖမ်းဆီးရမိကြောင်း၊ ပေါက်ဈေး ဆေး ၁ ပြားကို ၄ နဲ့ ၅ ဘတ်အထိ ရှိတဲ့အတွက် ကာလတန်ဖိုး ဘတ်သန်းချီရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီဆေးတွေဟာ ပါကစ္စတန်နိုင်ငံကနေ စင်ကာပူ၊ အဲဒီကမှ ထိုင်းနိုင်ငံ ချွန်းပုးရီးခရိုင် လဲမ်ချပန်လှေဆိပ်ကနေတဆင့် တာ့ခရိုင်ကို ဖြတ်ပြီး မြန်မာနိုင်ငံ မြ၀တီဘက် တင်သွင်းဖို့ ဖြစ်တယ်လို့ အကောက်ခွန်အရာရှိက ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။