
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ကန်ရွာကနေ ဂန့်ဂေါမြို့ပေါ်ကို ပြန်လာတဲ့ တပ်မ ၅၅ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကျွဲနန်းရွာအနီးမှာ အောက်တိုဘာ ၂၂ ရက်က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF ကပြောပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တနာရီနီးပါး အပြန်အလှန်ပစ်ခတ်ခဲ့ကြရမှာ ယောဒေသ ကာကွယ်ရေးတပ်ဘက်က ရဲဘော် နှစ်ယောက် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဂန့်ဂေါ PDF တာဝန်ရှိသူတဦးက "ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းက တပ်ခွဲမှူးက ကျနော်တို့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေကို ဦးစီးတာ။ CDF-KKG၊ ပကဖ၊ ABSDF၊ စုစုပေါင်း ကျနော်တို့ဘက်က အင်အား ၆၀ လောက်နဲ့ဝင်တိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်တော့ရှိတယ်။ သူတို့ဘက်ကတော့ ထိခိုက် ကျဆုံးမှုတော့ရှိနိုင်တယ်။ အတည်ပြုလို့မရနိုင်သေးဘူး။ ကျနော်တို့ဘက်ကတပ်ရင်းက ရဲဘော် နှစ်ဦးက တဦးက ဘယ်လက်ဖျံ၊ တဦးက ဘယ်ပခုံးမှာ ဒဏ်ရာတွေရသွားကြတာ။"
အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ် ကန်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ယောက် ကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ဂန့်ဂေါနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာ တနှစ်ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။