DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့်ဗန်းမောက်တို့တွင် လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ သောင်းကျော် ထွက်ပြေး နေရ
DVB
·
October 23, 2022
ဝက်လက်နှင့်ဗန်းမောက်တို့တွင် လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ သောင်းကျော် ထွက်ပြေး နေရ
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ ဗန်းမောက်မြို့နယ်တို့ကို လက်နက်ကြီးအပါအဝင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရပြီး မုံရွာခရိုင်ရှိ PDF စခန်းတခုလည်း စီးနင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ် ပျူခေတ်ဟံလင်းမြို့ဟောင်းနယ်မြေရှိ ကျေးရွာတွေကို အောက်တိုဘာ ၂၂ ရက် မနက်မှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၉ ရွာမှ ဒေသခံပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဟံလင်းမြို့ဟောင်းကျေးရွာကနေ လက်နက်ကြီးနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာပြည်သူတွေ ထွက်လမ်းပိတ်အောင်ထိ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"အရင်ညက ချောင်းမှီးတိုရွာမှ ညအိပ်တပ်စွဲထားတာ။ မနက်ပိုင်းကစပြီး ဟံလင်းနယ်မြေက ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းပစ်ဝင်လာတာ။ ဒေသခံတွေကို ထွက်ပြေးစရာလမ်း မရှိလောက်အောင် ဆက်တိုက်ပစ်ခတ်တာ။ အခုတော့ ကျေးရွာ ၁၉ ရွာလောက်က ပြည်သူ ၁ သောင်းကျော်လောက် လွတ်အောင်ထွက်ပြေးနေရတယ်။ ညနေ ၃ နာရီကျော်လောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ အခုညပိုင်း ဟံလင်း တောင်ဘက်ခြမ်း ကိုးအိမ်ထောင်ထဲက ပြဿဒ်ကျောင်းမှာ တပ်စွဲထားတယ်လို့ သိရတယ်။" 

စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဆားတောင်ကြီး၊ စခန်းသာ၊ ပုလဲသွယ်၊ မုဆိုးခြုံ၊ ဘူတာ၊ ဘိုတဲ၊ မှတ်ထိ၊ သရိုင်၊ မင်းကုန်း၊ ချောင်းမှီးတို၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ရွှေကျင်၊ ကံကြီးတော၊ ဇောက်ညမ်းကုန်း၊ ဂွေးကုန်း၊ တကန်သာ၊ ကြိုးကြာ၊ ကျောက်မန်းကန် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ ဝက်လက်မြို့နယ်အရှေ့ဘက် ချောင်းမှီးတိုကျေးရွာအနီး သမန်းကျင်းတောတိုက်မှာလည်း စစ်ရှောင် လင်မယားကို ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူသေဆုံးပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေကလည်း ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာအနီးက ရွာတော်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်ကြာ စီနင်းဝင်ရောက်ကာ မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ၁၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၃ ဦးကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းလူမျိုးများနေထိုင်တဲ့ဒေသကို အောက်တိုဘာ ၂၁ ရက် ညသန်းခေါင် ၁၂ နာရီလောက်မှာ စစ်ကောင်စီက လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနန်းဒေသ လိပ်စော၊ မင်းကုန်းကျေးရွာတွေကို စစ်ကောင်စီလေယာဥ်တွေက ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ ယခင်ရဲစခန်းဟောင်းနေရာမှာ ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးတချို့ ပျက်ဆီးခဲ့ကာ ကျန် ဗုံး ၂ လုံးကတော့ လယ်ကွင်း တွေထဲ ကျသွားခဲ့တာကြောင့် လူအထိအခိုက် မရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရခဲ့တာတွေရှိသလို နေအိမ်အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံပြည်သူတွေလည်း စိုးရိမ်သောကတွေနဲ့ နေထိုင်နေကြရပါတယ်။

မုံရွာခရိုင်ရှိ PDF စခန်းတခုကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ ရက်က ဝင်‌‌ရောက်‌စီးနင်းခဲ့တာကြောင့် PDF ရဲ‌ဘော်‌ ကို‌ဝေယံ ကျဆုံးခဲ့တယ်‌လို့ ပြည်‌သူ့ကာကွယ်‌‌ရေးအဖွဲ့‌တွေ‌က ထုတ်‌ပြန်‌ပါတယ်။

စစ်‌‌ကောင်‌စီတပ်က မုံရွာ PDF စခန်းကို မနေ့မနက်က ဝင်‌‌ရောက်‌ စီးနင်းရာမှာ ပြန်‌ခုခံရင်းကျဆုံးသွားတဲ့ ရဲဘော်ကိုဝေယံအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်း‌ကြေကွဲရကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း -၄ က ထုတ်ပြန်ထားပါတယ်‌။

‌အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေယံဟာ စခန်းဝင်စီးစဉ် စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ဒဏ်ရာရတာကြောင့် မပြေးနိုင်ဘဲ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013