
ဧရာဝတီတိုင်းမှာပြီးခဲ့တဲ့ တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
ပုသိမ်မြို့၊ သရောင်းချောင်းသုသာန်မှာ အောက်တိုဘာ ၂၀ ရက်က ပုသိမ်ဆေးရုံကြီးက ကိုဗစ် လူနာ ၂ ဦးကို မီးသင်္ဂြိုဟ်ခဲ့ရသလို မြောင်းမြမြို့မှာ အောက်တိုဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ကိုဗစ် အတည်ပြုလူနာ ၃ ဦးသေဆုံးခဲ့တာလို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။
“ခုကအရင်ကလို ထုတ်ပြန်တာမျိုးတော့ မရှိတော့ဘူး။ ဆေးရုံမှာကိုဗစ်နဲ့သေရင် ပရဟိတအဖွဲ့တွေခေါ်ပြီး နာရေးချခိုင်းတာ အဲ့အသင်းအဖွဲ့တွေက ထုတ်ပြန်မှသိရတော့တာ။ အဲ့ဒါကြောင့် လက်လှမ်းမှီ သလောက်လိုက်စာရင်းလုပ်နေရတာ။ ကျန်းမာရေးဌာနက ထုတ်ပြန်ရင်လည်း သေတဲ့စာရင်းမပါဘူး”လို့ CDM ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
ဆေးရုံကြီးမှာ ကိုဗစ်ရောဂါကြောင့်သေဆုံးသူတွေဟာ များသောအားဖြင့် ရောဂါအခံရှိသူတွေလို့ သိရပြီး ဘာသာခြားတွေနဲ့ နေအိမ်မှာ သေဆုံးတဲ့သူတွေလည်း စာရင်းမှာမပါသေးဘူးလို့ ဆိုပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါဟာ ပြင်းထန်မှုအားလျော့နည်းပေမယ့် ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးလည်း ထပ်မံကူးစက်ခံရနိုင်ခြေရှိတာကြောင့် ရောဂါအခံရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ အသွားအလာ အနေအထိုင်ဂရုစိုက်ဖို့မှာကြားချင်တယ်လို့ CDM ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ နေ့စဉ် ကိုဗစ်ကူးစက်ခံရသူတွေရှိနေပေမယ့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက လစဉ် ပျော်ပွဲရွှင်ပွဲတွေကို ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။