DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးချိုးဖောက်နေသည့် မြန်မာစစ်တပ်ကို အပြစ်ပေးရန်အမေရိကန်သံအမတ် တောင်းဆို
DVB
·
October 23, 2022
လူ့အခွင့်အရေးချိုးဖောက်နေသည့် မြန်မာစစ်တပ်ကို အပြစ်ပေးရန်အမေရိကန်သံအမတ် တောင်းဆို
Donate to DVB

မြန်မာပြည်မှာ အဆက်မပြတ်ကြားသိနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်စိတ်ပျက်ဝမ်းနည်းရကြောင်း၊ အကြမ်းဖက်ခံရသူတွေ အတွက် တရားမျှတမှုဖော်ဆောင်ပြီး ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့  အမေရိကန်သံအမတ် ခရစ္စလူက တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၁ ရက်က ဝါရှင်တန်ဒီစီရှိ ဂျော့ဂျ်တောင်းတက္ကသိုလ်မှာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချိန်ခေါင်းစဉ်နဲ့ဆွေးနွေးပွဲပြုလုပ်ရာမှာ ကုလသမဂ္ဂရဲ့ စီမံအုပ်ချုပ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိုယ်စားလှယ် သံအမတ် ခရစ္စတိုဖာလူက တက်ရောက်မိန့်ခွန်းပြောခဲ့တာပါ။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအညွန့်ကို မျက်နှာပြောင်တိုက် ချိုးဖျက်ဖို့အတွက် မြန်မာနိုင်ငံသားတွေကို ဖိနှိပ်အကြမ်းဖက်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းစစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့အဖွဲ့တွေပဲဖြစ်ကြောင်း၊ ဇူလိုင်လ အတွင်းမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေကို စစ်အာဏာရှင်တွေက သေဒဏ်ပေးကွပ်မျက်လိုက်တာဟာ မြန်မာနိုင်ငံသားတွေရဲ့အသက်ကို သူတို့ ဘယ်လောက် အလေးမထားသလဲဆိုတာ ပြသလိုက်တာပဲဖြစ်တယ်လို့  ခရစ္စလူက ပြောပါတယ်။

မြန်မာနိုင်ငံရော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ပါ ဒေသအတွင်းက ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေအတွက် အမေရိကန်က ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ထောက်ပံ့ကူညီခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်နေတဲ့ အဆိုးရွားအပြင်းထန်ဆုံး နိုင်ငံတကာရာဇဝတ်မှုတွေရဲ့ အချက်အလက်တွေကို စုဆောင်းပြင်ဆင်ပြီး နိုင်ငံအလိုက် ဒေသအလိုက် တရားရုံးတွေနဲ့ နိုင်ငံတကာ တရားရုံးမှာပါ စွဲချက်တင်ပြီး အနာဂတ်မှာတရားစီရင်နိုင်ရေးအတွက် ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုလည်း အမေရိကန်က ထောက်ပံ့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

IIMM ရဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးဆိုင်ရာ စွမ်းဆောင်ရည်တိုးမြှင့်ရေး၊ ဘေးဒုက္ခခံစားခဲ့ရသူတွေနဲ့ သက်သေတွေကို ကာကွယ်ပေးရေးမှာ  အသုံးချနိုင်ဖို့ အမေရိကန် ဒေါ်လာ ၂ သန်းထောက်ပံ့တာလည်း အပါအဝင်ဖြစ်တယ်လို့ အမေရိကန်သံအမတ်က ပြောပါတယ်။

မြန်မာစစ်တပ်ကို သူ့ရဲ့ရာဇဝတ်မှုကျူးလွန်မှုတွေအပေါ် တရားမျှတစွာ တာဝန်ခံမှုရှိစေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကုလသမဂ္ဂရဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးကြောင်း၊ မြန်မာမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးထိရောက်အောင် ဆောင်ရွက်မယ့် ကုလသမဂ္ဂရဲ့ ရည်ညွှန်းချက်တွေကို ထောက်ခံကြောင်း၊  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့လည်း ခရစ္စလူက သူ့ရဲ့ မှတ်ချက်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ရက်ရက်စက်စက်နှိမ်နှင်းမှုတွေ ထပ်ခါထပ်ခါမကြုံရအောင်ကာကွယ်ခြင်း၊ အကြမ်းဖက်ခံရသူ ဓားစာခံသားကောင်တွေရဲ့ လိုအပ်ချက်တွေကိုသတ်မှတ်ဖော်ထုတ်ခြင်း၊ ရက်စက်ယုတ်မာစွာ ရာဇဝတ်မှုကျူးလွန်ခဲ့ကြသူတွေကို တာဝန်ခံမှုရှိအောင် အပြစ်ပေးအရေးယူခြင်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေပေမဲ့ အပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ရက်စက်ကောက်ကျစ်ယုတ်မာမှုတွေကို ဖော်ထုတ်ရေးနဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံဖြစ်လာစေရေးတို့အတွက် မဖြစ်မနေလိုအပ်ချက်တွေဖြစ်တယ်လို့ မစ္စတာ ခရစ္စလူက ပြောကြားသွားပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ ဆထက်ထမ်းပိုး စဉ်ဆက်မပြတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေနဲ့ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေနဲ့ ကမ္ဘာ့နယ်ပယ်အသီးသီးက မူဝါဒချမှတ်သူတွေလည်းပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013