DVB Logo
Home
မြန်မာသတင်း
ကုလလုံခြုံရေးကောင်စီနေဖြင့် မြန်မာ့အရေး တိကျပြတ်သားသည့်ဆုံးဖြတ်ချက်များချမှတ်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
DVB
·
October 23, 2022
ကုလလုံခြုံရေးကောင်စီနေဖြင့် မြန်မာ့အရေး တိကျပြတ်သားသည့်ဆုံးဖြတ်ချက်များချမှတ်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ လူပေါင်း ၂၀၀၀ ကျော် စစ်တပ်ရဲ့ ရက်စက်စွာ သတ်ဖြတ်မှုကိုခံခဲ့ရပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမဆန်တဲ့ဆက်ဆံမှုတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနေနဲ့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ အမြန်ဆုံးအရေးယူချမှတ်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံ တောင်းဆိုလိုက်ပါတယ်။ 

အောက်တိုဘာလ ၂၁ ရက်က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက်က နိုင်ငံတကာ လူ့အခွင့်အရေးဆွေးနွေးပွဲတွေမှာ တက်ကြွစွာပါဝင်တာ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စာချုပ်တွေလက်မှတ်ရေးထိုးတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ တရားမဝင်စစ်အာဏာ သိမ်းပြီးနောက် ဆန့်ကျင်ဘက်အခြေအနေသို့ ရောက်ရှိခဲ့ကာ မြန်မာပြည်သူတွေဟာ မဆင်မခြင်သတ်ဖြတ်ခံရ၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခံရ၊ ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခံရ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာ၊ သတင်းသမားတွေကို ဖိနှိပ်တာနဲ့ တခြားအခြေခံလူ့အခွင့်အရေး ချိုးဖောက်တွေအပါအဝင် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမဆန်တဲ့ဆက်ဆံမှုတွေ နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီးကပြောပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်တာအပြင် လက်နက်ကြီးတွေနဲ့  ပြည်သူတွေ နေထိုင်ရာနေရာဒေသတွေကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေပြီး ကျေးရွာတွေကို ဝင်ရောက်ကာ မဆင်မခြင်ပစ်ခတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့လို့ ကလေးငယ်၊ အမျိုးသမီး၊ သက်ကြီးတွေနဲ့ စိတ်မကျန်းမာသူတွေ အပါအဝင် အပြစ်မဲ့ပြည်သူမြောက်များစွာ သေကြေခဲ့ရကာ နေရပ်စွန့်ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ အရေအတွက်ဟာ UNHCR မှတ်တမ်းအရ ၁ သန်းကျော်ရှိပြီလို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်တပ်အနေနဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က  ဖရူဆိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် စုစုပေါင်း (၃၈) ဦး ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံရကာ မော်တော်ယာဉ်တွေအတွင်း  မီးရှို့အသတ်ခံခဲ့ရတဲ့ဖြစ်စဉ်ကို သာဓကပြပြီး သံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောကြားသွားပါတယ်။

နိုင်ငံတကာနဲ့ ကုလသမဂ္ဂက မြန်မာ့အရေး ကြေညာချက်တွေ ထုတ်ပြန်ပေးနေတာကို ကြိုဆိုပေမဲ့ တရားမဝင်စစ်အာဏာသိမ်းမှုဟာ ရက်ပေါင်း (၆၂၆) ရက် ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ လူပေါင်း ၂၃၇၆ ဦး ရက်စက်စွာ စစ်တပ်၏သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း၊ နိုင်ငံတကာမှ ဖိအားပေးနေပေမဲ့ စစ်တပ်အနေနဲ့ ပစ်ဒဏ်ခတ်ခြင်းမခံရဘဲ ဆက်လက်ရှိနေရာ၊ မိမိပြောကြားခဲ့မှုများ မရှိခဲ့သယောင်၊ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေ တန်ဖိုးမရှိသယောင် ဖြစ်နေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်ကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ဘဝတွေဟာ တန်ဖိုးရှိပြီး အရေးကြီးပါကြောင်း၊ မိမိအနေနဲ့လည်း သူတို့ကိုမေ့လျော့နိုင်မှာ မဟုတ်ကြောင်း၊ စစ်အာဏာရှင် ချုပ်ငြိမ်းစေရေးနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာစေရေး ကုလသမဂ္ဂ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်ဆန်တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း သံအမတ်ကြီးက ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013