DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ် မြောက်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
DVB
·
October 22, 2022
ကော့ကရိတ် မြောက်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းကို  စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်း၊ မြောက်ကြာအင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို အောက်တိုဘာ ၂၁ ရက်မှာ   စစ်ကောင်စီလေတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက်  ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ ဒါယကာ၊ ဒါယိကာမတချို့လည်း ထိခိုက်ဒဏ်ရာရသွားသလို ဘုန်းကြီးကျောင်းနဲ့ အုတ်တံတိုင်းတွေလည်း ထိခိုက်ပျက်စီးသွားပါတယ်။

မနေ့ မနက်ပိုင်းက KNLA ပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့တွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေက မြို့ထဲကိုရော အနီးနားက ကျေးရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

မနေ့က ကော့ကရိတ်တိုက်ပွဲမှာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၆  ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့  အရေးပေါ်လူနာ ၅ ဦးကိုတော့ ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံကနေ ဘားအံမြို့ပြည် သူ့ဆေးရုံကြီးပို့ဆောင်ထားတယ်လို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

ကော့ကရိတ်တိုက်ပွဲမှာ  KNLA ပူးပေါင်းတပ်တွေက မြို့ရဲ့  သုံးပုံတစ်ပုံ လောက်ကို သိမ်းနိုင်ခဲ့ပြီး မနေ့ည ၇ နာရီလောက်မှာ မြို့ကနေ ပြန်လည် ထွက်ခွာခဲ့တယ်လို့ ရှေ့တန်းတိုက်ပွဲဝင် ကရင် ရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်အထိလည်း ကော့ကရိတ် အနီးပတ်ဝန်းကျင် နယ်မြေအားလုံးကို တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားနိုင်ဆဲလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက မြို့အရှေ့ဘက်နဲ့ တောင်ဘက်တွေကိုနေရာယူထားပြီး ကော့ကရိတ်မြို့ တောင်ဘက်(တစ်မိုင်ကုန်းရွာ)မှာလုံခြုံရေးနေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၃၀ လောက်ကတော့ KNLA ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်လို့ ပြန်လည်ထွက်ခွါသွားပြီး ကျန်ရှိနေတဲ့ ယာယီစခန်းကိုတော့ KNLA ပူးပေါင်းက မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ကော့ကရိတ်တိုက်ပွဲကို KTLA စစ်ဗျူဟာမှူးက ဦးစီးပြီး  Lion Battalion ဗျူဟာစစ်ကြောင်း(KTLA)၊ ကျားဖြူစစ်ကြောင်း၊  နဂါးဖြူစစ်ကြောင်း၊ Eagle Brigade+ Black Panther Colum၊  KNLA တပ်ရင်း (၁၈)နဲ့  Federal Wings တပ်တွေက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်အဲဆေးဝါး ဦးဆောင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်တပ်ဖွဲ့ဝင် အနည်းဆုံး အယောက် ၂၀ လောက်ရှိခဲ့ပြီး  သေဆုံးသူ ထပ်တိုးလာနိုင်တဲ့အကြောင်း တော်လှန်ရေးရဲဘော်တွေ ဘက်ကတော့ ထိခိုက်ကျဆုံးတာမရှိဘူးလို့ ကျားဖြူစစ်ကြောင်းမှ ဗိုလ်ကျော်သက်က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အနည်းဆုံး အကြိမ် ၅၀ ကျော်  တိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေလည်း ၁၂၀ မမ နဲ့ ဒုံးကျည်အပါအဝင် လက်နက်ကြီးတွေနဲ့ အကြိမ် ၁၂၀ ကျော်လောက် အရပ်ဘက်ပစ်မှတ်တွေကို ပစ်ခတ်ခဲ့လို့  ကော့ကရိတ်မြို့ခံတွေ ထိခိုက်ဒဏ်ရာခဲ့တယ်လို့လည်း ဆိုပါတယ်။

ကော့ကရိတ် အချုပ်ထောင်မှာရှိတဲ့  အချုပ်ကျရာဇဝတ်သားတွေကိုတော့ လွှတ်ပေးခြင်းမရှိသေးဘူးလို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ 

မနေ့က တိုက်ပွဲမှာ ကော့ကရိတ်မြို့ပေါ် လူနေရပ်ကွက်တွေရှိ အိမ်တချို့ထိခိုက်ပျက်စီးခဲ့ရပြီး  အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကာ  အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  စစ်ကောင်စီကလည်း သတင်းထုတ်ထားပါတယ်။

မနေ့မနက် ၈ နာရီလောက်မှာ ကော့ကရိတ်မြောက်ဘက်ရှိ ခင်နိမ်းမူအိမ်ရာဂိတ်(၃)၊ အဘောဘုရားကုန်း၊ ကြောင်လျှာကုန်း၊ ဝန်ထမ်းအိမ်ရာတွေ၊ မြို့နယ်လမ်းမကြီးရှိ လမ်းလုံခြုံရေးနေရာတွေကို  KNLA ပူးပေါင်းတပ်တွေက တချိန်တည်း တပြိုင်တည်း အင်အားသုံး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်က လေကြောင်း၊ အမြောက်နဲ့ သံချပ်ကာယာဉ်တွေ ပစ်ကူယူပြီး တန်ပြန်တိုက်ခိုက်ခဲ့ရာမှာ ရန်သူတွေ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013