Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများကို ဖိအားပေးပြီး နေရပ်ပြန်မပို့ရန် UNHCR တိုက်တွန်း
DVB
·
October 22, 2022

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံသားတွေကို ဖိအားပေးပြီး နေရပ်ပြန်ပို့တာတွေမလုပ်ကြဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းခံလိုက်ရသူတွေရဲ့ ဘဝတွေကို အန္တရာယ်ရှိစေနိုင်တယ်လို့ UNHCR အကြီးတန်းလက်ထောက်အရာရှိ မစ္စဂေလီယန်ထရစ်ဂ်စ်က ပြောပါတယ်။ 

“အသက်အန္တရာယ်လုံခြုံရေးအတွက် ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်လက်ကာကွယ်ပေးထားကြဖို့ ဒေသတွင်းနိုင်ငံတွေကို ထပ်မံတောင်းဆိုပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံကနေ ခိုလှုံခွင့်တောင်းခံလာသူတွေနဲ့ ဒုက္ခသည်တွေကို အတားအဆီးမဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆောင်ရွက်နေတာကိုလည်း ရပ်တန့်ပေးဖို့တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်က စတင်ကာ  နေရပ်စွန့်ခွာထွက်ပြေးလာရပြီး ခိုလှုံခွင့်တောင်းခံလာသူ မြန်မာနိုင်ငံသားတွေကို အိမ်နီးချင်း နိုင်ငံတွေက ဖိအားပေးပြန်လည်ပို့ဆောင်နေတဲ့ သတင်းတွေကြားနေရတဲ့အပေါ်မှာ အလွန်စိုးရိမ်မိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက  ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားနိုင်ငံမှာ  နိုင်ငံရေး ခိုလှုံခွင့်တောင်းခံထားတဲ့ ရေတပ်အရာရှိ ၆ ယောက် အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားအစိုးရက အခု အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့လို့ ရေတပ်အရာရှိတွေ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ 

ထိုင်းနိုင်ငံမှာလည်း  တိုက်ပွဲတွေကြောင့် ယာယီလာရောက် တိမ်းရှောင်နေရတဲ့ ကရင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ကို ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က နေရပ်ကို  အတင်းအကျပ်ပြန်ခိုင်းခဲ့ပါတယ်။

ဒေသတွင်းမှာရှိနေတဲ့ နိုင်ငံတွေအနေနဲ့ ဘေးအန္တရာယ်ကြားကနေထွက်ပြေးလာပြီး လုံခြုံမှုအတွက် အကာအကွယ်လာရောက်တောင်းခံကြတဲ့ မြန်မာနိုင်ငံသားတွေကို ဖိအားပေးပြန်ပို့တာ ချက်ချင်းရပ်တန့်ပေးဖို့ ကုလသမဂ္ဂက အရေးပေါ်မေတ္တာရပ်ခံထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာခဲ့ကြရတဲ့သူတွေကို ခိုလှုံခွင်းတောင်းခံဖို့ ခွင့်ပြုသင့်ကြောင်းနဲ့ အတင်းအကျပ်ဖိအားပေးပြန်လည်ပို့ဆောင်တာကနေလည်း ကာကွယ်ပေးသင့်ကြောင်း မစ္စထရစ်ဂ်စ် ကပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့တဲ့ မြန်မာနိုင်ငံမှာ သဘောထားကွဲလွဲသူတွေအပေါ် စစ်တပ်ကရန်သူတွေလိုနှိမ်နင်းခဲ့တာကြောင့် သေဆုံးခဲ့ရသူ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်က ရွာတွေကို မီးရှို့တာတွေ၊ ဥပဒေမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ အရပ်သားတွေနေထိုင်ရာကို လေကြောင်းကနေတိုက်ခိုက်တာတွေ အစရှိတဲ့ မြန်မစစ်တပ်ရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကိုလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေက မှတ်တမ်းတင်ထား ကြပါတယ်။

စစ်ကောင်စီကတော့ အရပ်သား ၃၉၀၀ နီးပါးသေဆုံးခဲ့ရတဲ့အပေါ် PDF တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024