
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၇၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၉၁၃ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၇၁၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၅၉၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၇၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၀ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသား တယောက်ဖြစ်သူ ကိုဖုန်းပြည့်ပိုင်ကို ပြည်ခရိုင်တရားရုံးကနေ အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က) တို့နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကိုဖုန်းပြည့်ပိုင်ကို ပြည်အကျဉ်းထောင်ဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၉ ရက်ညပိုင်းကလည်း မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မကွက်သစ်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုအောင်ကျော်ကျော်ကို စစ်သားတွေက စစ်ဆေးရန်ရှိတယ်ဆိုကာ ဖမ်းဆီးသွားခဲ့ကြပါ တယ်။ ကိုအောင်ကျော်ကျော်နဲ့အတူ အဆိုပါရပ်ကွက်ထဲမှာ နေထိုင်တဲ့ အမျိုးသားတွေကို မိုင်းထောင်မှု၊ မိုင်းခွဲတိုက်ခိုက်မှုတွေမှာ ပါဝင်တယ်လို့ ယူဆပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၀ ရက်မှာ တော့ ကိုအောင်ကျော်ကျော်ဟာ စစ်သားတွေ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကိုအောင်ကျော်ကျော်ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေက သေဆုံးတဲ့နေ့မှာပဲ သဂြိုဟ်ခဲ့ပြီး တခြားသူတွေ ကို စစ်သားတွေက လိုက်ပါ ပို့ဆောင်ခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။