DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက မြို့တွင်းကိုပါ လေယာဉ်ဖြင့်ဗုံးကြဲ
DVB
·
October 21, 2022
ကော့ကရိတ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက မြို့တွင်းကိုပါ လေယာဉ်ဖြင့်ဗုံးကြဲ
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက မြို့တွင်း လူနေရပ်ကွက်အတွင်းကိုပါ လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်နေတဲ့ KNLA တပ်မှူးတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက် ဒီမနက်ပိုင်းကစပြီး ကော့ကရိတ်မြို့တွင်းကို KNLA ပူးပေါင်းတပ်တွေက ကော့ကရိတ်-မြဝတီလမ်းဟောင်း အမှတ် ၃ ဂိတ်နေရာကနေ စတင်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ ရုံးစိုက်ရာ အနီးတဝိုက်ကို ဝင်ရောက်တိုက်ခိုက်နေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက် ထန်းပင်ကုန်း၊ အမှတ် ၇ ရပ်ကွက် (တံတားဦး)၊ ကွက်သစ်နေရာတွေကို စစ်ကောင်စီရဲ့ စကခ ၁၂ က လှိုင်ဝအမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်တွင်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး စောကျော်သက်က “အခြေအနေကတော့ တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်ပျံလာကြဲတာ အခေါက် ၂၀ ရှိပြီ။ မြို့သိမ်းတော့ မဟုတ်ပါဘူး။ မြို့ထိန်းဖို့ရှိတယ်။ သိမ်းဖို့မဟုတ်ပါဘူး။ မြို့က ဒီနေ့မှစတယ်။ အားလုံး ဒီနေ့နဲ့ဆိုရင် တိုက်ပွဲက ၄ ရက်ရှိပြီ။ အာရှလမ်းမဘက်ကော အခု ကော့ကရိတ်ဘက်ကော အားလုံး ၄ ရက်ရှိနေပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်မိသားစုရဲ့ နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မိသားစုဝင်တဦး ထိမှန်သေဆုံးခဲ့သလို ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆက်လက်ပြီး သေဆုံးဒဏ်ရာရရှိသူတွေ ရှိနိုင်သလို ကော့ကရိတ် အချုပ်ထောင်ပါ ပွင့်သွားပြီလို့ မြိုခံပြည်သူတဦးက ပြောပါတယ်။

တိုက်ပွဲဝင်နေတဲ့ Lion Battalion Commando -ဗျူဟာစစ်ကြောင်းကလည်း ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်ကာ မိတ်ဘက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွဲနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

မြို့ပြအနီးကပ်တိုက်ပွဲဖြစ်လို့ တိုက်ပွဲဝင် ရဲဘော်တွေအတွက် ကျည်ကာအပါအဝင် စစ်ရေးအထောက်အပံ့ပစ္စည်းတွေ လိုအပ်နေလို့ မိဘပြည်သူတွေ ပါဝင်ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အောက်တိုဘာ ၁၉ ရက်က စတင်ပြီး ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်-မြဝတီ (အာရှလမ်း) တောနော်ရေတံခွန်အနီးမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာက စစ်ကောင်စီရဲ့ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအခြေစိုက်ရာ မြို့တွင်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဆိုပါတိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီ (အာရှလမ်း) ကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့အတွက် ခရီးသည်ယာဉ်တွေ၊ ကုန်စည်ယာဉ်တွေဟာ နီးစပ်ရာနေရာတွေမှာ ရပ်နားထားရသလို တချို့ခရီးသည်တွေဟာ နီးစပ်ရာ ရာဘာခြံနဲ့ လမ်းဘေးဝဲယာမှာ ယာယီခိုလှုံနေရပါတယ်။

ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီလောက်က ကော့ကရိတ်-မြဝတီလမ်းဟောင်း (ကားလမ်းဘေး) အနီး ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့စခန်းနဲ့ မြို့တွင်းက မြို့မရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းခံခဲ့ရပြီး မြို့နယ်ဥပဒေအရာရှိတဦးနဲ့ ရုံးအကူတဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013