DVB Logo
Home
မြန်မာသတင်း
သတင်းသမားများအား ပစ်မှတ်ထားတိုက်ခိုက်မှု နိုင်ငံတကာမှ ဖော်ထုတ်ပေးရန် မြန်မာသံအမတ်ကြီး တောင်းဆို
DVB
·
October 21, 2022
သတင်းသမားများအား ပစ်မှတ်ထားတိုက်ခိုက်မှု နိုင်ငံတကာမှ ဖော်ထုတ်ပေးရန် မြန်မာသံအမတ်ကြီး တောင်းဆို
Donate to DVB

မြန်မာအကြမ်းဖက်စစ်တပ်က သတင်းသမားတွေကို မတရားဖမ်းဆီးနှိပ်စက်နေပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့ ကြိုးပမ်းနေတာနဲ့ သတင်းမှားဖြန့်ဝေနေတာတွေကို နိုင်ငံတကာကနေ ဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၀ ရက်က ကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ စတုတ္ထကော်မတီက သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာ ဆွေးနွေးမှုမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့နဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုရှိတဲ့ မီဒီယာကဏ္ဍ ပြန်လည်ရရှိစေရေးတို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက ကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်းထောက်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရတာဟာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း၊ မြန်မာစစ်တပ်ဟာ သမိုင်းတလျှောက် ဘယ်အခါကမှ ပြည်သူတွေရဲ့ဆန္ဒနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အလေးမထားခဲ့ဘဲ အခုအချိန်မှာ သူတို့ကိုမလိုလားတဲ့ ပြည်သူတွေရဲ့ အသံထုတ်မှုတွေကို ဖိနှိပ်ရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ရက်စက်ယုတ်မာတဲ့ စစ်တပ်ရဲ့ မြန်မာနိုင်ငံအတွင်း မီဒီယာဖိနှိပ်မှုတွေကို ထုတ်ဖော်ပေးဖို့နဲ့ စစ်တပ်ပိုင် သတင်းဌာနတွေက သတင်းမှားတွေ ဖြန့်ဝေမှုတွေ အဆုံးသတ်ဖို့အတွက် ရန်ကုန်မြို့က ကုလသမဂ္ဂရဲ့ သတင်းအချက်အလက်စင်တာ (UNIC) ကနေ အနီးကပ်ကြီးကြပ်ပေးဖို့ ပြည်သူတွေရဲ့ အသံတွေနဲ့ ဖြစ်ရပ်မှန်တွေကို နိုင်ငံတကာ အသိုက်အဝန်းက သိရှိစေရေး နည်းလမ်းပေါင်းစုံသုံးပြီးတော့ တတ်နိုင်သမျှ ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောလိုက်တာပါ။

သံအမတ်ကြီးရဲ့ မိန့်ခွန်းထဲမှာတော့ သတင်းမှားဖြန့်ဝေမှုတွေ တိုက်ဖျက်ရေးမှာ ကုလသမဂ္ဂ Department of Global Communications (DGC) ရဲ့ လုပ်ဆောင်မှုတွေထဲက ကိုဗစ်-၁၉ ကပ်ရောဂါ၊ ပဋိပက္ခဖြစ်ပွားရာဒေသတွေနဲ့ ရာသီဉတုပြောင်းလဲမှု စတဲ့ ကဏ္ဍ ၃ ခုမှာ အလေးထားဆောင်ရွက်ရေးတို့ကို မြန်မာနိုင်ငံက ကြိုဆိုကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

လွတ်လပ်တဲ့ မီဒီယာကဏ္ဍဟာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေခံစားနေရမှုကို နိုင်ငံတကာက ကြားသိနိုင်ခွင့်ရစေတဲ့ အဓိကလမ်းကြောင်း ဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့တဲ့ အချိန်ကစလို့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ သတင်းထောက်တွေရဲ့ လုပ်ဆောင်နိုင်ခွင့်တွေ ဆိုးရွားစွာ ကန့်သတ်ခံနေရ‌ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်တယ်လို့ ယူဆတဲ့ သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို လူမဆန်တဲ့ စစ်တပ်က နည်းလမ်းမျိုးစုံသုံးပြီးတော့ တရားမျှတမှုမဲ့စွာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး လပေါင်း ၂၀ အတွင်း စစ်တပ်က လွတ်လပ်တဲ့ သတင်းဌာန ၅ ခုကို မှတ်ပုံတင်တွေ ရုပ်သိမ်းခဲ့တာတွေ၊ သတင်းဌာန ရုံးခန်းတွေထဲအထိ ဝင်ရောက်ကာ အခန်းရှိ ပစ္စည်းကိရိယာတွေကို ဖျက်ဆီးခဲ့ပြီးနောက် သတင်းဌာန စုစုပေါင်း ၁၂ ခုကို ပိတ်သိမ်းစေခဲ့တာတွေ၊ ပြည်တွင်း ပြည်ပ သတင်းသမားတွေနဲ့ မီဒီယာဝန်ထမ်းအယောက် ၁၅၀ လောက် တရားမျှတမှုကင်းမဲ့စွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲဒီထဲမှာ ပိုလန်၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေက သတင်းသမားတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတင်းသမား ၄ ယောက်ကို စစ်တပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကလည်း စစ်အာဏာသိမ်းမှုကို မလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်တာကို သတင်းရယူခဲ့တဲ့ ဂျပန်သတင်းထောက် တိုရူကူဘိုတာကို စစ်တပ်က ယုတ္တိမရှိတဲ့ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးပြီးတော့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ မီဒီယာကဏ္ဍဟာ ဆိုးရွားနေပြီး နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံဟာ သတင်းအချက်အလက် ရရှိမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆိုးရွားဆုံး အခြေအနေ ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်က သူတို့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ငြင်းဆိုဖို့ သတင်းမှားတွေ၊ ဝါဒဖြန့်မှုတွေကို စစ်တပ်ပိုင် မီဒီယာတွေကတဆင့် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးတွေဆီ ဖြန့်ဝေတာတွေ၊ နိုင်ငံတကာရှိ မြန်မာသံရုံးတွေက အိမ်ရှင်နိုင်ငံတွေဆီ ဖြန့်ဝေတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013