DVB Logo
Home
မြန်မာသတင်း
ခိုလှုံခွင့်တောင်းခံထားသည့် ရေတပ်အရာရှိအချို့အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားက နေရပ်ပြန်ပို့
DVB
·
October 21, 2022
ခိုလှုံခွင့်တောင်းခံထားသည့် ရေတပ်အရာရှိအချို့အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားက နေရပ်ပြန်ပို့
Donate to DVB

နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ပြီး မလေးရှားနိုင်ငံမှာ  နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလာသူ ရေတပ်အရာရှိတွေအပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားအစိုးရက အခု အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့တယ်လို့ မလေးရှားခြေစိုက်  The Sun Daily သတင်းမှာဖော်ပြပါတယ်။

အဲခုပြန်ပို့ခံရတဲ့အထဲမှာ ရေတပ်အရာရှိဟောင်း ၆ ယောက်လည်း ပါဝင်ပြီး နေရပ်ပြန်ရောက်ချိန်မှာ စစ်အာဏာရှင်ရဲ့ ဖမ်ဆီးခံရနိုင်တဲ့ အန္တရာယ်ရှိတာကို သိလျက်နဲ့ နောက်ထပ်ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်တွေလည်းရှိသေးတယ်လို့ ဒီဖြစ်စဉ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် လေးခုကဆိုပါတယ်။

မြန်မာရေတပ် အရာရှိဟောင်း ၆ ဦးကို ပြီးခဲ့တဲ့လအတွင်းမှာ မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးပြီး အောက်တိုဘာလ ၆ ရက်နေ့မှာ လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

အဲဒီအရာရှိတွေထဲက ဦးကျော်လှနဲ့ ဇနီးဌေးဌေးရီတို့ကတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူတို့နှစ်ဦးဟာ မလေးရှားနိုင်ငံမှာ နေထိုင်ဖို့ တရားဝင်စာရွက်စာတမ်းကိုင်ဆောင်ထားခြင်း မရှိတာကြောင့် မြန်မာနိုင်ငံကို ပြန်ပို့ခံရတာပါ။

ပြန်ပို့ခံခဲ့ရသူ ရေတပ်အရာရှိဟောင်းတွေထဲက အနည်းဆုံး ၃ ဦးနဲ့ ဒေါ်ဌေးဌေးရီတို့ဟာ မလေးရှားနိုင်ငံက ကုလသမဂ္ဂရုံးမှာ ဒုက္ခသည်အဖြစ် စာရင်းပေးသွင်း ခိုလှုံခွင့်တောင်းခံထားကြတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မလေးရှားနိုင်ငံက မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မလေရှားနိုင်ငံ လူဝင်မှုကြီကြပ်ရေးနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၁၅၀ ကို နေရပ်ပြန်ပို့ဆောင်ခဲ့တယ်လို့ ရေးသားထားပေမယ့် အဲဒီထဲမှာ ရေတပ်အရာရှိဟောင်း ၆ ဦးပါဝင်တာကိုတော့ မဖော်ပြထားပါဘူး။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးမေးမြန်းဖို့ မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းနဲ့ဆက်သွယ်ရာမှာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။ 

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မလေးရှားဝန်ကြီးချုပ်ရုံးတို့ကိုလည်း ဒီကိစ္စ မေးမြန်းရာမှာ ပြန်လည်ဖြေကြားကြခြင်းမရှိဘူးလို့ ဆိုပါတယ်။ 

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာအထက်တန်းကော်မရှင်ရုံးကလည်း ပြန်ပို့ခံခဲ့ရသူ ၁၅၀ ဆီက ခိုလှုံခွင့်တောင်းခံစာ လက်ခံရရှိထားခြင်းရှိမရှိကို မဖော်ပြပေမယ့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံခဲ့ရတဲ့အပေါ် အလွန်စိုးရိမ်မိကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“မလေးရှားမှာမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ပြီး ခိုလှုံခွင့် တောင်းခံလာသူတွေကို ခိုလှုံခွင့်တောင်းခံနိုင်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့အတွက် ယာယီနေထိုင်ခွင့် ပေးရမှာဖြစ်သလို ဖိအားပေးပြန်ပို့ခံရတာကနေလည်း ကာကွယ်ပေးရမှာ ဖြစ်တယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၁ သိန်းကျော်နေထိုင်နေပြီး အခုနောက်ပိုင်းမှာ ပိုမိုတင်းကျပ်လာတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒတွေကြောင့် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်ပို့ဆောင်တာတွေ ပိုပြီးဆောင်ရွက်လာပါတယ်။

ဒီဆောင်ရွက်ချက်တွေဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို မကြုံစဖူးဝေဖန်ပြစ်တင်နေတဲ့ မလေးရှားအစိုးရရဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲ နေပါတယ်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို မြန်မာစစ်တပ်က ဇူလိုင်လအတွင်း ကွပ်မျက်လိုက်တဲ့အပေါ် အာဆီယံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို မထေမဲ့မြင်လုပ်ပြီး လူသားထုတစ်ရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် ဆန့်ကျင်ရှုတ်ချခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံက အတိုက်အခံအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကာ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပိုမိုပေးအပ်နိုင်ရေး လှုံ့ဆော်တိုက်တွန်ခဲ့သူလည်း ဖြစ်ပါတယ်။ 

မလေးရှားအတိုက်အခံ လွှတ်တော်အမတ် ချားလ်ဆန်တီယေဂိုကလည်း အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်တာတွေရပ်တန့်ပြီး မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိုအခြေခံတဲ့ မူဝါဒတွေ မပြောင်းမလဲ ထားရှိသင့်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ ဖမ်းဆီးခံရနိုင်ချေရှိပြီး၊ ရာဇဝတ်စစ်ကောင်စီရဲ့ နှိပ်စက်သတ်ဖြတ်မှုကိုတောင် ခံရနိုင်ခြေရှိတဲ့ မြန်မာနိုင်ငံက ခိုလှုံခွင့်တောင်းခံလာသူတွေကို ဒီလိုပြန်ပို့တာဟာ မလေးရှားအစိုးရကို ဒီရာဇဝတ်မှုတွေမှာ ကြံရာပါ ဖြစ်စေတယ်”လို့ ချားလ်ဆန်တီယေဂိုက  ရိုက်တာကို ပြောပါတယ်။

အဲဒီလို ဝေဖန်မှုတွေရှိနေတဲ့ကြားကပဲ မလေးရှားအစိုးရဟာ မြန်မာနိုင်ငံသားတွေကို နောက်ထပ် ထပ်ပြီးပြန်ပို့မယ့် အစီအစဉ်တွေရှိနေကြောင်း ပြန်လည်ပို့ဆောင်ရေးအတွက် အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံအစည်းအဝေးလုပ်ခဲ့တဲ့ အရပ်သားလူ့အဖွဲ့အစည်းခေါင်းဆောင်တွေက ပြောပါတယ်။ 

မလေးရှားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြန်လည်ပို့ဆောင်ခြင်းခံရနိုင်ခြေရှိသူ အမျိုးသားတယောက်ကတော့ သူ့ကို ဖမ်းဆီးထိန်းသိမ်းမှုအတွက် ပြန်တရားစွဲဆိုထားပါတယ်။

အဲဒီအမျိုးသားဟာ မြန်မာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပြီး မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားပြီးသူဖြစ်သလို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာနရဲ့ ကူညီကာကွယ်မှုရရှိရေး လျှောက်ထားပြီးသူဖြစ်တယ်လို့ ဆိုပါတယ်။

ကွာလာလမ်ပူတရားရုံးချုပ်က သူ့ကို ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားပြီး အောက်တိုဘာ ၂၀ ရက်မှာ သူ့အမှုကို ကြားနာဖို့ အစီအစဉ်ရှိ ပါတယ်။ 

Photo- Myanmar Embassy KL

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013