စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၁၉ ရက် နေ့လယ်က ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တယောက်သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိက္ခာကုန်းအနီးမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်ပစ်ခတ်ခဲ့တာလို့ စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“နေ့လယ် ၁ နာရီလောက်က PDF က လာပစ်တာ။ ရဲတဦးသေတယ်။ ရဲတဦး ခြေထောက် ဒဏ်ရာရတယ်။ ဂိတ်က အစစ်အဆေးလည်း အတော်တင်းကျပ်တယ်။ ပိုက်ဆံလည်း အတောင်းကြမ်းတယ်၊ အဲ့ဒါကြောင့် လာပစ်တာဖြစ်လိမ့်မယ်။”
မြစ်ကြီးနား-မန္တလေး လမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော် စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်စွဲထားတဲ့ ရိက္ခာကုန်းကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ ရက်ကလည်း အဲဒီစစ်ဆေးရေးဂိတ်မှာ တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်ပါ ဆန်အိတ်တွေထဲက ကျည်ဆန်တွေ တွေ့ရှိတဲ့အတွက် ဆန်အိတ်ပိုင်ရှင် အမျိုးသားတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ အပါအဝင် တခြားကျေးရွာတချို့ကို အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်ခဲ့တဲ့ အမျိုးသမီး ၂ ယောက်ဟာ နုံးတန်းကျေးရွာက အသက် ၆၀ အရွယ် ဒေါ်ညွန့်ညွန့်နဲ့ အသက် ၃၀ အရွယ် မစိုးစိုးတို့ဖြစ်ကာ သေဆုံးသူ မစိုးစိုးမှာ ကိုယ်ဝန် ၆ လ လွယ်ထားသူဖြစ်ပြီး သူတို့ရဲ့အလောင်းတွေကိုတော့ မနေ့ညနေ ၃ နာရီ ၄၀ မိနစ်လောက်မှာ ပျားအိုဘုန်းတော်ကြီးကျောင်းအနီးမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် ညောင်တန်းကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်ကြည်ကြည်၊ ရင်ပေါင်တိုင်ကျေးရွာက ဆိုင်ကယ်ဝပ်ရှော့ဆရာ ကိုအောင်နိုင်ဝင်းနဲ့ ကားဆရာ ကိုဖိုးဆယ်တို့ ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ရင်ပေါင်တိုင်ကျေးရွာ အပါအဝင် နေရာ ၃ ခု ဖြန့်ကြက်ကာ စစ်ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ပျားအိုဘုန်းတော်ကြီးဝင်းအတွင်းမှာ စစ်ရှောင်နေတဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် ဖုန်းအလုံးရေ ၁၀၀ ကျော်ကိုလည်း အဓမ္မသိမ်းဆည်း ယူဆောင်သွားခဲ့ကြောင်း၊ ရင်ပေါင်တိုင်ကျေးရွာက လက်ဖက်ရည်ဆိုင် ၁ ဆိုင်နဲ့ နေအိမ် ၁ လုံးကိုလည်း အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တခြားကျေးရွာတွေက စစ်ရှောင်ပြည်သူတွေအပါအဝင် ပြည်သူ ၃၀၀ လောက် ဖမ်းဆီးထားပြီး ရင်ပေါင်တိုင်ကျေးရွာတွင်းမှာ စုပေါင်းစခန်းချနေထိုင်ကြတယ်လို့ ဆိုပါတယ်။