DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူအသစ် အစားထိုးလုပ်ကိုင်မည်
DVB
·
October 20, 2022
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူအသစ် အစားထိုးလုပ်ကိုင်မည်
Donate to DVB

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီ နေရာမှာ ရင်းနှီးမြုပ်နှံသူအသစ်နဲ့ အစားထိုး လုပ်ကိုင်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

အဆိုပါစီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိထားတဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီဟာ လုပ်ငန်းဆောင်ရွက်ရာမှာ ကြန့်ကြာမှုရှိတဲ့အပြင် ဘဏ္ဍာရေးဆိုင်ရာ တာဝန်တွေ ပျက်ကွက်တာ၊ ဘဏ္ဍာငွေ အထောက်အထား မတင်ပြနိုင်တာ စတာတွေကြောင့် ယင်းကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်အားလုံးကို ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက ဖျက်သိမ်းထားတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အီတာလျံ-ထိုင်း ကုမ္ပဏီ နေရာမှာ ရင်းနှီးမြှုပ်နှံသူအသစ်နဲ့ အစားထိုး ဆက်လက်လုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖိတ်ခေါ် ဆောင်ရွက်သွားမယ်လို့ အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုကော်မတီမှာ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကော်မတီအဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့စဉ် အခုလို ပြောဆိုခဲ့တာပါ။

ဒီစီမံကိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်ယ်လ်ဒီ) အစိုးရလက်ထက်မှာ အကောင်အထည်ဖော်လိုတဲ့ ဦးစားပေး စီမံကိန်းတခု ဖြစ်တာကြောင့် ဂျပန်နိုင်ငံအား ရင်းနှီးမြှုပ်နှံသူအနေနဲ့ ပါဝင်လာဖို့ ကြိုးပမ်းအားထုတ်မှုတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ပျက်စီးသွားပြီလို့ သုတေသီတွေက ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတဦးက “ထားဝယ် SEZ စီမံကိန်းကို အီတာလျံ-ထိုင်း ကုမ္ပဏီက ၂၀၀၈ ထဲက စဝင်လာပြီး သူက ဧရိယာ တခုလုံးကို လုပ်ခဲ့တာ။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး။ ဒီ့အတွက်ကြောင့် ၂၀၁၃ မှာ သူ့ကို လုပ်ငန်းပိုင်းဆိုင်ရာ ရပ်ဆိုင်း လိုက်သေးတယ်။  ရပ်ဆိုင်းပြီးတဲ့နောက် ဦးသိန်းစိန် သမ္မတ ဖြစ်လာတဲ့အချိန်မှာ အထူးစီးပွားရေးဇုန်ဥပဒေ ဆိုတာ ပေါ်လာခဲ့ပြီး ၂၀၁၅ မှာ တင်ဒါ ပြန် ခေါ်ခဲ့တယ်။ တင်ဒါခေါ်တဲ့အချိန်မှာ ကနဦး စီမံကိန်းနဲ့ ပင်မစီမံကိန်း ဆိုပြီး နှစ်ပိုင်းပိုင်း လိုက်တယ်။ ကနဦး စီမံကိန်းမှာ အီတာလျှံ-ထိုင်း ကုမ္ပဏီကို ပြန်ပေးခဲ့တာကြောင့် ၂၀၁၅ မှာ စာချုပ်သစ် ပြန်ချုပ်ခဲ့ပြီး ပရောဂျက်က စုစုပေါင်း ၉ ခု ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆ NLD အစိုးရလက်ထက်မှာ ဒီပရောဂျက်ကိစ္စကို ပြန်လည် ဆွေးနွေးခဲ့ရာမှာ လုပ်ငန်းပိုင်းဆိုင်ရာ မအောင်မြင်တာတွေ တွေ့ခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့်ပဲ အန်အယ်လ်ဒီအစိုးရက ၂၀၂၀ ဒီဇင်ဘာမှာ အီတာလျံ-ထိုင်း ကုမ္ပဏီကို ပရောဂျက်ဆိုင်ရာ လုပ်ငန်း တွေနဲ့စပ်လျဉ်းပြီး ရပ်ဆိုင်းဖို့ အကြောင်းကြားပြီးနောက် သူ့နေရာမှာ ဂျပန်ရင်းနှီးမြုပ်နှံသူတွေနဲ့ အစားထိုးဖို့ ကြိုးပမ်း အားထုတ်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့ ကိုဗစ် ကပ်ရောဂါနဲ့အတူ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အကောင်အထည်ဖော်မယ့် စီမံကိန်းတွေဟာ အလုံးစုံ ပျက်စီးခဲ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူ့ကြောင့် အခြေအနေကောင်းတွေ ပျက်စီးခဲ့ရတာကို မသိကျိုးကျွန်ပြုထားပြီး ရင်းနှီးမြှုပ်နှံသူအသစ်တွေနဲ့ အကောင်အထည်ဖော်မယ်လို့ ကြွေးကြော်နေပေမဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေသာ လာရောက်ဖို့ ရှိနေတာပါ။

စီးပွားရေးနဲ့မူဝါဒရေးရာစောင့်ကြည့်လေ့လာသူတဦးက “ပရောဂျက်အကြီးကြီးတွေကို ရင်းနှီးမြှုပ်နှံဖို့ဆိုတာက  နိုင်ငံရေးအခြေအနေ စီးပွားရေးအခြေအနေတွေ တည်ငြိမ်နေမှ လာကြမှာပေါ့ဗျာ။ တည်ငြိမ်မှု မရှိလို့ရှိရင် ဘယ်သူက လာကြမှာလဲ။ သူတို့ကတော့ ရင်းနှီးမြှုပ်နှံသူအသစ်တွေ ဘာညာ ခေါ်မယ်လို့ ပြောမှာပေါ့။ ဒါကတော့ ထုံးစံအတိုင်း စကားလှအောင် ပြောနေကြပဲလေ။ အထူးသဖြင့် ဒီလို အခြေအနေမျိုးမှာ အနောက်နိုင်ငံတွေဆီက ဘယ်သူမျှ လာကြမှာ မဟုတ်ဘူး။ အခုကတော့ သူတို့အားကိုးနေတဲ့ ရုရှားကို ရင်းနှီးမြှုပ်နှံဖို့ ခေါ်မှာပေါ့လေ။ ဒါပေမဲ့ ရုရှားကလည်း လာဖို့ ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးနော်။ ပြီးတော့ ရုရှားနဲ့က စီးပွားရေးဆက်ဆံမှုက ကြီးကြီးမားမား ဘာတခုမျှ လုပ်ခဲ့ဖူးတာ မရှိဘူး။ တရုတ်ကတော့ ဖျာဝင်ခင်းဖို့ စောင့်ကြည့်ရင် စောင့်နေမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး စီးပွားရေးဇုန် ဖြစ်လာမယ့်စီမံကိန်းတခု ဖြစ်ပြီး  အရှေ့ အနောက် စီးပွားရေး စင်္ကြံနဲ့ တောင်ဘက်ခြမ်း စီးပွားရေး စင်္ကြံတို့ကို ချိတ်ဆက်ထားနိုင်မှာဖြစ်လို့ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ နေရာမှာ တည်ရှိနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013