
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေရွာမှာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက နေအိမ် ၆ လုံးကို စစ်ကောင်စီတပ်သားတွေက ထပ်မံမီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၂၅ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖက်တောရေရွာသားတယောက်က “ဖက်တောရေကျေးရွာနားမှာ အောက်တိုဘာလ ၁၆ ရက်နေ့က စစ်(...)စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၁၇ ရက်နေ့မှာ စစ်(...)တွေ ဝင်ရောက်တပ်စွဲကာ အရင်ရက်တွေက နေအိမ် ၇ လုံးနဲ့ မနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ နေအိမ် ၆ လုံးကို ထပ်မံမီးရှို့ခဲ့လို့ စုစုပေါင်း နေအိမ် ၁၃ လုံး မီးလောင်ကျွမ်းခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖက်တောရေရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး ရွာသူရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြကာ အမျိုးသား အယောက် ၁၂၀ နဲ့ အမျိုးသမီး ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့မေးတဲ့ နာမည်တွေကို တပတ်အတွင်း မဖော်ပေးနိုင်ရင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပြီး အောက်တိုဘာ ၁၇ ရက်ကလည်း အသက် ၅၀ အရွယ် ဦးကျော်ဝေကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံကပြောပါတယ်။
ဗိဿနိုး-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က “သူတို့ စစ်(...)တွေ စစ်ကြောင်း ထပ်ထိုးလာတာကို သတင်းကြိုရပြီး မိုင်းဆွဲတိုက်ခိုက်လို့ရပေမဲ့လည်း ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ကာ လူသားဒိုင်းအဖြစ် ပြုလုပ်ထားလို့ မတိုက်ခိုက်တော့တာ။ စစ်(...)တွေက အင်အားတွေလည်း ထပ်ဖြည့်ထားပြီး ဖက်တောရေရွာမှာ ရက်ရှည်တပ်စွဲမယ့်သဘောရှိတယ်” လို့ ပြောပါတယ်။
ဖက်တောရွာနားမှာ အောက်တိုဘာလ ၁၆ ရက် ည ၉ နာရီခွဲလောက်ကလည်း ဆိုင်ကယ် ၄ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား ၈ ယောက်နဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး PDF ရဲဘော်တယောက် ဒဏ်ရာအနည်းငယ် ရရှိကာ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။