စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေဘုံသာကျေးရွာမှာ အောက်တိုဘာ ၁၉ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း ဝင်ရောက်လာပြီး ပြည်သူ ၁ ဦးကို အကြောင်းမဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မနက် ၅ နာရီလောက် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာနေအိမ်တွေကို မွှေနှောက်ရှာဖွေကာ အသက် ၄၅ နှစ်အရွယ် ဒေသခံ ဦးမြင့်ဦးကို နေအိမ်ပေါက်ဝမှာ ပစ်သတ်သွားတာလို့ ဆိုပါတယ်။
"မနက် ၅ နာရီလောက်က ဝင်လာတာ။ ရွာမှာရှိတဲ့လူတွေအကုန် ကိုယ်လွတ်ရုန်းပြေးကြတော့ အခုပစ်သတ်ခံလိုက်ရတဲ့သူက ပြေးလို့ လွတ်ပြီးသားပါ။ သူက လူပျိုကြီး၊ လက်တဖက်က ဓားစက်ခုံထိပြီး ဖြတ်ထားရတာ။ နားလည်း လေးတယ်။ ပြေးလို့လွတ်ပြီးသားကို အသက်ကြီး၊ ကျန်းမာရေးမကောင်းတဲ့ သူ့အဖေကို စိတ်မချလို့ အိမ်ပြန်ပြေးတာ။ အဲ့ဒီမှာ သူ့အိမ်အဝင်အပေါက်ဝမှာပဲ ပစ်သတ်ခံလိုက်ရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ရွှေဘုံသာကျေးရွာကနေ အထိုင်ချတပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းဘက် ပြန်လည်ထွက်ခွာရာမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ကာကွယ်ရေးအဖွဲ့တွေက သတင်းရလို့ ချက်ချင်းသွားကြပါတယ်။ ရန်သူတပ်ဖွဲ့က ရွှေဘုံသာရွာကနေ ကျောက်ရစ်စခန်းအဝင်မှာ စော်ဘွားကြီးအဖွဲ့နှင့်အတူ ကျနော်တို့ မိုင်း ၂ ကြိမ်ဆွဲခဲ့တာမှာ ထိခိုက်မှုရှိမရှိ မသိရသေးဘူး။ စစ်ကိုင်းခရိုင် တပ်ရင်း၂ တပ်ခွဲ ၃ က ၄၀ မမ နဲ့ပစ်ခတ်လို့ စကစ ၂ ကောင်ထိခိုက်မှုရှိခဲ့တယ်။ PDF TALOKE နဲ့ မြင်းခြံအဖွဲ့တွေက စစ်ကူဖို့လာခဲ့ပေမယ့် ရန်သူအဖွဲ့ကလ မ်းကြောင်းပြောင်းပြီး တက်သုတ်ရိုက်ပြန်သွားကြလို့ ပြင်းထန်တိုက်ပွဲထိတော့ မရောက်ခဲ့ဘူး” လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ( CDSOM ) တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း မြောင်မြို့နယ် နနွမ်းကိုင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်မှုကြောင့် အသက် ၇၀ အရွယ် အဘွားအို ၁ ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။