ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရေလဲကျေးရွာမှာ အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတယောက်သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကလေးတွေက မိုင်းတစ်လုံးကောက်ရတဲ့အတွက် လူကြီးတွေက သိမ်းဆည်းကာ ကိုင်တွယ်ကြည့်ရှုနေစဉ် မိုင်းပေါက်ကွဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“ကလေးတွေက မိုင်းတစ်လုံး ကောက်ရတယ်။ အဲဒါကို လူကြီးတွေက ယူပြီးကြည့်ရင်း ဟိုနှိပ် ဒီနှိပ် လုပ်တယ်ထင်တယ်။ မိုင်းပေါက်ကွဲပြီး ကိုင်ကြည့်နေသူကတော့ သေတယ်။ သူ့ဘေးနား အိပ်နေတဲ့သူက လက်ကိုထိတယ်။”
ရွှေကူမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတာပါ။
“မိုးစစ်၊ ရေလဲနဲ့ ဆင်တပ်ကျေးရွာတွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်နေတယ်။ ကျေးရွာက ပြည်သူတွေလည်း စစ်ရှောင်ပြီး နေရပ်ပြန်လာတာ မကြာသေးဘူး။ ရွာထဲမှာ မိုင်းတွေ့ပြီး အခုလို မိုင်းပေါက်ကွဲမှု ဖြစ်သွားတာ” လို့ တခြားဒေသခံက ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်ကလည်း ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တယောက် သေဆုံးကာ ရွာသားတချို့ ဒဏ်ရာရသွားပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။