Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၅၀ ဖမ်းဆီးခံရ
DVB
·
October 20, 2022

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ရတ်တဖုမ်းမြို့နယ်ထဲမှာ အောက်တိုဘာ ၁၉ ရက်ညက နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အလုပ်သမား အယောက် ၅၀ ကို ကား သုံးစီး ထိုင်းယာဉ်မောင်းသမား သုံးယောက်နဲ့အတူ ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ရတ်တဖုမ်းမြို့နယ် လဝကရဲ၊ မူးယစ်ရဲနဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ညက နယ်မြေလုံခြုံရေးစစ်ဆေးဆောင်ရွက်စဉ် ရတ်တဖုမ်းမြို့နယ်နဲ့ ဆုန်ခလာမြို့နယ်အစပ် ဖရုဖော့စစ်ဆေးရေးဂိတ်မှာ အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာတဲ့ အီဇူးစူးဟိုင်းလပ်ကား တစီး၊ အဖြူရောင်တိုယိုတာ ဟိုင်းလပ်ကား တစီးတို့နဲ့ လိုက်ပါလာတဲ့ မြန်မာအမျိုးသား ၃၇ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါကား နှစ်စီးကနေ ဆက်လက်စစ်ဆေးမေးမြန်းပြီး သူတို့အထုပ်အပိုးတွေကို သပ်သပ်တင်ဆောင်လာပေးတဲ့ နောက်ထပ်ကား တစီးကို ဖတ်ထလုန်းမြို့နယ်မှ ဟတ်ယိုင်သို့အဝင် လမ်းပေါ်မှာ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းနိုင်ငံသား ယာဉ်မောင်း သုံးယောက်က အဆိုပါမြန်မာအလုပ်သမားတွေကို ပရကျူတ်ခီရီခန် ကနေ ဟတ်ယိုင်မြို့ကိုပို့ပေးဖို့ ကား တစီးလျှင် ဘတ် ၂၀၀၀၀ နှုန်းနဲ့ သယ်ဆောင်ခဲ့ကြောင်း၊ အခကြေးငွေကိုတော့ ဟတ်ယိုင်ရောက်မှရှင်းပေးမယ်လို့ စေခိုင်းသူက ပြောထားတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ အခုလို တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာတာ သုံးကြိမ်ရှိသွားပြီဖြစ်ပြီး ခုတခေါက်ကျမှအဖမ်းခံရတာလို့ ဝန်ခံသွားပါတယ်။ 

ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေကိုတော့ ထိုင်းတာဝန်ရှိသူတွေက လဝကဥပဒေနဲ့အရေးယူဖို့ ရတ်တဖုမ်း နယ်မြေရဲစခန်းကို ပို့ဆောင်ထားပြီး နောက်ထပ်ကွင်းဆက်တွေကို စုံစမ်းနေတယ်လို့ ထိုင်းသတင်မှာ ဖော်ပြပါတယ်။ 

ကိုးကား- MGR Online

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024