DVB Logo
Home
မြန်မာသတင်း
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့သည့် သံသယရှိပါက ဘဏ်ငွေစာရင်း ပိတ်သိမ်းခံရနိုင်
DVB
·
October 19, 2022
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့သည့် သံသယရှိပါက ဘဏ်ငွေစာရင်း ပိတ်သိမ်းခံရနိုင်
Donate to DVB

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်လုပ်ငန်းတွေမှာ ငွေကြေးထောက်ပံ့တယ်လို့ သံသယရှိပါက ဘဏ်ငွေစာရင်းကို ပိတ်သိမ်းမယ့်အပြင် တရားရုံးရဲ့ အဆုံးအဖြတ်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ မြန်မာနိုင်ငံဘဏ်များအသင်းက သတိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ဘဏ်တွေအနေနဲ့ ဗဟိုဘဏ်မှတဆင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က တောင်းခံလာတဲ့အခါ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းတွေမှာ ငွေကြေးထောက်ပံ့မှုနဲ့စပ်လျဉ်းပြီး သံသယ ဖြစ်ဖွယ်တွေ့ရှိပါက ဆက်သွယ်ဆောင်ရွက်သူတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ပေးပို့ရမယ်လို့ သတိပေးထားပါတယ်။

အခုလို သတိပေးထုတ်ပြန်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံကို အမည်ပျက်စာရင်း တင်သွင်းဖို့ စီစဉ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force)ရဲ့ ကြိုးပမ်းမှုကို ကျော်လွှားနိုင်ဖို့ စီစဉ်တာ ဖြစ်နိုင်တယ်လို့ ဘဏ်နဲ့ငွေကြေးဆိုင်ရာ သုတေသီတွေက သုံးသပ်ပြောပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force)က အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံကို အမည်ပျက်စာရင်း(blacklist) သွင်းမယ်ဆိုပြီး လုပ်နေတာ ရှိတယ်လေ။ အဲ့လိုဖြစ်နေတဲ့အတွက် ကျနော်တို့ ဒီဘက်ကလည်း မြန်မာနိုင်ငံက ဘာလုပ်ရလဲဆိုတော့ နိုင်ငံအတွင်းမှာရှိတဲ့ သက်ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်မှု ရှိနေတယ်ဆိုတာကို ပြချင်တဲ့ သဘောလည်း ပါတယ်ဗျ။ ဥပမာ ရွှေအသင်း၊ အိမ်ခြံမြေအသင်း၊ မြန်မာနိုင်ငံစာရင်းကိုင်များအသင်း စသဖြင့် ဒီအသင်းအဖွဲ့တွေက Anti-Money Laundering / Combating the Financing of Terrorism (AML/CFT) ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့တိုက်ဖျက်ရေးဆိုင်ရာ စံသတ်မှတ်ချက်တွေအတွက် လိုက်နာပြီး လုပ်ပေးရတဲ့ အပိုင်းတွေ ရှိကြတယ်။ ဆိုတော့ ကျနော်တို့ဘက်က သက်ဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု ရှိနေတယ်ဆိုတာကို ပြတဲ့ သဘောနဲ့ ဒီလိုသတိပေး ညွှန်ကြားချက်ကို ထုတ်ပြန်တာ ဖြစ်နိုင်တယ်။ ပြီးတော့ မြန်မာနိုင်ငံဘဏ်များအသင်းဆိုတာက သူက ဘဏ်တွေကို ပေါင်းစည်းထားတဲ့ NGO တခုလည်း ဖြစ်တာကြောင့် ဒါတွေကို စောင့်ကြည့်ပြီး လုပ်ရမည့် တာဝန် သူ့မှာ ရှိတာကြောင့်လဲ ပါတာပေါ့နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီလုပ်ရပ်က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထဲ ထည့်သွင်းမည့်အရေးကနေ တစုံတရာ သက်ရောက်မှု  ရှိနိုင်မလား ဆိုတဲ့အပေါ် ဘဏ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တဦးက အခုလို မှတ်ချက်ပေးပါတယ်။

“တချို့က အမှုမဲ့ အမှတ်မဲ့ နေကြတာမျိုး ရှိတယ်လေ။ အခုတော့ ဒါမျိုး ပြောလိုက်တဲ့အတွက် မသိတဲ့ သူတွေက ငါတို့ မသိလို့ ပါလို့ သွားပြောလို့ မရတော့ဘူးပေါ့။ နောက်တချက်က ဘဏ်တွေမှာ နဂိုကတည်းက (AML/CFT) လုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး စောင့်ကြည့်ရတဲ့ ယန္တရားတွေက ရှိပြီးသားပါ။ ဆိုလိုတာ ငွေသွင်း ငွေထုတ် လုပ်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ရင် ဗဟိုဘဏ်ဆီ အစီရင်ခံစာ ပေးပို့ရမယ် ဆိုတာမျိုးကအစ အကုန်လုံးက ရှိပြီးသားပဲ။ သို့ပေမဲ့ ရှိတယ်လို့ ဆိုပေမဲ့ ဘာပဲပြောပြော အမှုမဲ့ အမှတ်မဲ့ နေနေတဲ့ အတွက်ကြောင့် အခုလို ညွှန်ကြားချက်တွေ ထုတ်လိုက်တော့ လူတွေက ပိုပြီး သတိထားမိ သွားတာမျိုးတော့ ရှိမယ်။ ဒီလောက်ပဲ။ တခြားတော့ မရှိလောက်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force)ကို ၁၉၈၉ ခုနှစ်က ပဲရပ်မြို့မှာ ကျင်းပခဲ့တဲ့ G-7 ထိပ်သီးအစည်းအဝေးမှာ ငွေကြေးခဝါချမှု နဲ့ အကြမ်းဖက်မှု လုပ်ငန်းတွေအတွက် ငွေကြေးရှာဖွေ သုံးစွဲမှု ကြောင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ခြိမ်းခြောက်လာနိုင်တဲ့ မသမာမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ G-7 အဖွဲ့ဝင် နိုင်ငံပေါင်း ၇ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမှာတော့ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ ရှိပြီ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းက မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းသွင်းမယ့်အဆိုပြုချက်ကို အခု အောက်တိုဘာထဲမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ သဘောတူ ဆုံးဖြတ်ချက်ချဖို့ အလားအလာတွေ ရှိနေတယ်လို့ ခန့်မှန်းထားကြပြီး လက်တလောမှာတော့ နာမည်ပျက်စာရင်း သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေက မြောက်ကိုရီးယားနဲ့ အီရန် နှစ်နိုင်ငံ တည်းသာ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013